ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာတွင် သီတင်းသုံးတော်မူသည့် နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) သည် ယနေ့ ဇူလိုင် ၂ ရက်တွင် ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) သည် စန္ဒကူးမြိုင် သာသနာ့ရိပ်သာအတွင်းရှိ ကျောင်းဆောင်တစ်ဆောင်၌ တစ်ပါးတည်း သီတင်းသုံးတော်မူနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ခေါ်ဆောင်ရာမှ တုံ့ပြန်မှုမရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်တံခါးကို ဖွင့်လှစ်စစ်ဆေးခဲ့ရာ ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
စန္ဒကူးမြိုင် သာသနာ့ရိပ်သာနှင့် နီးစပ်သူတစ်ဦးက “ကျောင်းဆောင်တံခါးကို ဖွင့်လှစ်စစ်ဆေးရာမှာ သွေးစွန်းနေတဲ့အခြေအနေနဲ့ ပျံလွန်တော်မူနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားပြီး ဖြစ်စဉ်ကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။