Home Movies ကြယ်ငါးနှင့် သံပခြုပ်များ အဆမတန်ပွားများလာမှုကြောင့် ဩစတြေးလျ သန္တာကျောက်တန်းများ ထိခိုက်ပျက်စီးနေဩစတြေးလျနိုင်ငံရှိ သန္တာကျောက်တန်းများသည် သန္တာကောင်များကို စားသုံးသည့် ဆူးသရဖူကြယ်ငါး (Crown-of-Thorns Starfish)...

ကြယ်ငါးနှင့် သံပခြုပ်များ အဆမတန်ပွားများလာမှုကြောင့် ဩစတြေးလျ သန္တာကျောက်တန်းများ ထိခိုက်ပျက်စီးနေဩစတြေးလျနိုင်ငံရှိ သန္တာကျောက်တန်းများသည် သန္တာကောင်များကို စားသုံးသည့် ဆူးသရဖူကြယ်ငါး (Crown-of-Thorns Starfish) နှင့် ပင်လယ်ရေမှော်များကို စားသုံးသည့် ဆူးရှည်သံပခြုပ် (Long-spined Sea Urchin) များ အဆမတန်ပွားများလာမှုကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရပြီး ယင်းအန္တရာယ်ကို ထိန်းချုပ်နိုင်ရန် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

0
69

Marine & Freshwater Research ဂျာနယ်တွင် ဇူလိုင် ၂ ရက်က ဖော်ပြသည့် သုတေသနအရ အဆိုပါဒေသမျိုးရင်း သတ္တဝါနှစ်မျိုးကြောင့် ဩစတြေးလျ၏ မဟာသန္တာကျောက်တန်းကြီး (Great Barrier Reef) နှင့် Great Southern Reef တို့တွင် ဂေဟစနစ်ထိခိုက်ပျက်စီးမှုများ သိသိသာသာ ဖြစ်ပေါ်နေကြောင်း သိရသည်။

တက်စမေးနီးယားတက္ကသိုလ် ဦးဆောင်ပြုလုပ်သည့် သုတေသနအရ ဆူးသရဖူကြယ်ငါးများသည် အပူပိုင်းဒေသရှိ မဟာသန္တာကျောက်တန်းကြီးအတွက် အဓိကခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပြီး၊ ဆူးရှည်သံပခြုပ်များသည် သမပိုင်းဒေသရှိ Great Southern Reef တွင် ပင်လယ်ရေမှော်တောများကို အကြီးအကျယ် ဖျက်ဆီးလျက်ရှိကြောင်း ဖော်ပြထားသည်။

သုတေသနပညာရှင်များ၏ အဆိုအရ ဆူးသရဖူကြယ်ငါးများသည် ပုံမှန်အားဖြင့် ၁၅ နှစ်ခန့်လျှင်တစ်ကြိမ် ကောင်ရေ အဆမတန်တိုးပွားလာတတ်ပြီး သန္တာကျောက်တန်းဧရိယာ အများအပြားကို စားသုံးဖျက်ဆီးလေ့ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် သန္တာကျောက်တန်းများအတွက် ယင်းသည် နောက်ထပ် အဓိကခြိမ်းခြောက်မှုတစ်ခု ဖြစ်လာကြောင်း ဖော်ပြထားသည်။

ထို့ပြင် သမုဒ္ဒရာရေပြင် အပူချိန်မြင့်တက်လာမှုကြောင့် ဆူးရှည်သံပခြုပ်များသည် တောင်ဘက်ရှိ တက်စမေးနီးယားအထိ ပျံ့နှံ့ရောက်ရှိလာပြီး ပင်လယ်ရေမှော်တောများကို အလွန်အကျွံစားသုံးမှုကြောင့် သန္တာကျောက်တန်းဂေဟစနစ်များကို ရေရှည်ပျက်စီးစေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဩစတြေးလျအစိုးရသည် မဟာသန္တာကျောက်တန်းကြီးရှိ ဆူးသရဖူကြယ်ငါးများကို ထိန်းချုပ်ရန် နှစ်စဉ် ဩစတြေးလျဒေါ်လာ သန်း ၂၀ ခန့် အသုံးပြုနေသော်လည်း သံပခြုပ်ထိန်းချုပ်ရေးအတွက် ရန်ပုံငွေမှာ နည်းပါးနေဆဲဖြစ်ကြောင်း သုတေသနက ထောက်ပြထားသည်။

သုတေသနပညာရှင်များက သံပခြုပ်ဖမ်းဆီးဖယ်ရှားရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်နှင့် သဘာဝသားရဲမျိုးစိတ်များဖြစ်သည့် Spangled Emperor ငါးနှင့် တောင်ပိုင်းကျောက်ပုစွန်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ကြယ်ငါးနှင့် သံပခြုပ်များ၏ ကောင်ရေကို သဘာဝအလျောက် ထိန်းညှိနိုင်ကြောင်း အကြံပြုထားသည်။

Ref: Xinhua

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here