ယနေ့သည် ၁၃၈၅-ခုနှစ်၊ နှစ်သစ်မင်္ဂလာအခါသမယဖြစ်၍ မြန်မာနိုင်ငံ ရဟန်း၊ ရှင်၊လူ ပြည်သူများအားလုံး ကောင်းကျိုးအနန္တ သုခအထွေထွေ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း မေတ္တာလောင်းလျက်နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံသူ/နိုင်ငံသား ရဟန်း၊ရှင်၊လူ၊ပြည်သူ/ပြည်သားအားလုံးသည် မိမိတို့ရပ်တည်ကျင်လည်နေသည့် ဝန်းကျင်အဖြာဖြာအလွှာအသီးသီး လုပ်ဆောင်ချက်အထွေထွေမတူကွဲပြားခြားနားကြသော်လည်း မိမိတို့၏ တိုင်းပြည်နှင့်လူမျိုးအပေါ် ကောင်းကျိုးလိုလားသည့် ဦးတည်ချက်တော့တူကြရမည်ဖြစ်သည်။
“အဟောင်းပျက်လျှင် အသစ်ပြင်လော့ အမြင်ကျယ်၍ ပညာမွေ့လော့”ဟု ဆရာဇော်ဂျီဆိုသည့်အတိုင်း အတိတ်ကာလများကကျင့်သုံးခဲ့ကြသည့် ဟောင်းနွမ်းပျက်စီးနေသောအရာများအနက် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ကာ ဖယ်ရှားသင့်သည်များကိုဖယ်ရှားပြီး လာမည့် နှစ်သစ်မှစ၍ နိုင်ငံသားအားလုံးသည် မိမိတို့နိုင်ငံအတွက် ကောင်းကျိုးလိုလားသည့် ဦးတည်ချက်ကို ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြဖို့မလွဲမသွေလိုအပ်ပါသည်။
ယနေ့ နှစ်သစ်အခါသမယမှစ၍ မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံး ရေ၊မီး၊မင်း၊ခိုးသူ စသည့် ရန်သူမျိုး ၅ ပါး ဘေးရန်တို့မှကင်းဝေးကြပါစေ။
ရောဂါကပ်ဘေး၊ငတ်မွတ်ခေါင်းပါးခြင်းကပ်ဘေး၊လက်နက်ကပ်ဘေးဟူသော ဘေးကြီး ၃-ပါးမှ ကင်းဝေးကြပါစေ။
ဆွေမျိုးတို့၏ပျက်စီးခြင်းဉာတိဗျသန၊စည်းစိမ်ပျက်စီးခြင်းဘောဂဗျသန၊ရောဂါကပ်ကြောင့်ပျက်စီးခြင်းရောဂဗျသန၊ကိုယ်ကျင့်သီလပျက်စီးခြင်းသီလဗျသန၊ကိုယ့်သေတွင်းကိုယ်တူးသလိုမှားယွင်းသောအယူကိုယူမိသဖြင့်ပျက်စီးခြင်းဒိဋ္ဌိဗျသန ဟူသော ပျက်စီးခြင်း ၅ မျိုးဟူသည့် ဗျသ နတရား ၅ ပါးဘေးမှ ကင်းဝေးကြပါစေ။ကျန်း မာ၊ချမ်းသာ၊ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
ယနေ့မှစ၍ အနာဂတ်ကာလ၌ မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံး မငြိမ်းချမ်းမှုများကင်းဝေးပြီး
ငြိမ်းချမ်းသာယာသော မြန်မာပြည်ကြီးဖြစ်ပါစေ။
