နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည်
နေပြည်တော်၊ ဩဂုတ် ၁၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း ကျင်းပမည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
