မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမြင့်မားရေးနှင့်ပတ်သက်၍ ယနေ့ အောက်တိုဘာ ၅ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သဝဏ်လွှာပေးပို့ပြီးပြောကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအသီးသီး၏ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးမြင့်မားမှုအပေါ်မူတည်လျက်ရှိကာ တွေးခေါ်မြှော်မြင်မှုမြင့်မားသည့် ပညာတတ်များဖြင့် နိုင်ငံတော်ကိုတည်ဆောက်မှသာ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ခြင်းကြောင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားအားပေးဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
” နိုင်ငံတော်အနေနဲ့ ပညာရေးကဏ္ဍမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေတိုးတက်အောင် အမြဲမပြ-တ်ဆက် လက်အားပေးဖြည့်ဆည်းပေးသွားမှာပါ”ဟု မြန်မာနိုင်ငံတော်ယာယီသမ္မတက ပြောသည်။
ထို့ကြောင့် ခေတ်မှီတိုးတက်ပြောင်းလဲနေသော ပညာခေတ်တွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရေးအတွက် ဆရာ၊ ဆရာမများအနေဖြင့် ခေတ်မှီအတတ်ပညာများ၊ နည်းပညာများ၊ မိမိတို့၏အရည်အသွေးတိုးတက်မှုတို့အတွက် စဥ်ဆက်မပြ-တ်လေ့လာသင်ယူနေရမည်ဖြစ်ကာ နိုင်ငံတော်မှလည်း ဆရာ၊ ဆရာမများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အရည်အသွေးတိုးတက်စေရန်နှင့် သင်ကြားရေးအဆင့်အတန်းမြင့်မားစေရန်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထို့အတူ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်သင်ကြားသူများသပ်သပ်သာမက ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်သူ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံချစ်စိတ်ရှိသူ၊ စည်းကမ်းကိုတန်ဖိုးထားလေးစားလိုက်နာသူ၊ ကြောင်းကျိုးဆက်စပ်စဥ်းစားတွေးခေါ်တတ်သူ၊ ကိုယ်ချင်းစာစိတ်ထားတတ်ကြစေရန်လမ်းပြပေးပြီး အများအကျိုးဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများကို သင်ကြားပြသပျိုးထောင်ပေးရမည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
