ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို မကြေညာသေးသော်လည်း ဇွန် ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလနှင့်ဇန်နဝါရီလအတွင်းတွင်ကျင်းပသွားမည့်အကြောင်းထည့်သွင်းပြောကြားသွားခဲ့သည်။
ကြားကာလတွင် မဲဆန္ဒနယ် ပြင်ပ၊ ပြည်ပ /ပြည်တွင်းမဲများအတွက် ပြင်ဆင်ချိန်၊ မဲစာရင်းထုတ်ပြန်ချိန်၊ ပြင်ဆင်ချိန်၊ အတည်ပြုမဲစာရင်းထုတ်ပြန်ချိန်၊ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ရန် အချိန်၊ စိစစ်ချိန်၊
မဲဆွယ်ခွင့်ပြုချိန် စသည်တို့အတွက် အချိန်သည် ၄လ ခန့်နှင့် လောက်နိုင်မည်လားဟု ပါတီများကတွက်ဆနေကြသည်။
လက်ရှိတွင် နယ်များ၌ MEVM နှင့်ပတ်သက်ပြီးသင်တန်းများပေးနေရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀၄)ဦးတို့အား ယမန်နေ့ ဩဂုတ်လ (၁၁) ရက်၊ နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီအထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်း၌ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ပြီး အဆိုပါမဲပေးစက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းကျွမ်းကျင်နည်းပညာရှင်များပေါင်းစပ်ကာ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဒီဇိုင်းပုံစံတီထွင်ထုတ်လုပ်ထားသည်ဟုသိရသည်။
မဲပေးစက်တွင် ပါဝင်သည့် စက်ပစ္စည်းအစိတ်အပိုင်းတစ်ခုချင်းစီ၏ အရေးပါပုံများ၊ မဲဆန္ဒရှင်ပြည်သူများလွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း နမ့်စန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်မျိုးမျိုးအောင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
