ပါလက်စတိုင်းစစ်သွေးကြွအုပ်စုအနေဖြင့် စနေနေ့(ဖေဖော်ဝါရီ ၁၅) မွန်းတည့်ချိန်အထိ ဓ-ါးစာခံများကို လွှတ်မပေးခဲ့ပါက ဂါဇာအပစ်အခတ်ရပ်စဲမှုကို အဆုံးသတ်၍ ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုများ ကို ပြန်လည်စတင်မည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာလိုက်သည်။
နေတန်ယာဟု၏ ရာဇသံထွက်လာပြီး နောက် ဟားမတ်စ်အဖွဲ့က အပစ်အခတ်ရပ်စဲရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အစ္စရေးသည် အပစ်ရပ်စဲမှုကို ထိခိုက်အောင်လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။
နေတန်ယာဟုသည် ကာကွယ်ရေး၊ နိုင်ငံခြားရေးရာနှင့် နိုင်ငံတော်လုံခြုံရေး အပါအဝင် အဓိကဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် အစ္စရေး၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါဝန်ကြီးများက သူ၏ ရာဇသံကို အပြည့်အဝထောက်ခံခဲ့ကြသည်ဟု နေတန်ယာဟုက ပြောသည်။
စစ်ပွဲ ကာလ ၁၆ လနီးပါးအကြာတွင် ဇန်နဝါရီလ ၁၉ ရက်က စတင်အသက်ဝင်ခဲ့သော အပစ်ရပ်စဲမှု ပထမအဆင့်အဖြစ် ဟားမတ်စ်က ဓ-ါးစာခံများကို ဖြည်းဖြည်းချင်း လွှတ်ပေးနေခဲ့သည်။ သို့ရာတွင် အစ္စရေးသည် သဘောတူညီချက်ကို ချိုးဖောက်နေသည်ဆိုကာ နောက်ထပ် ဓ-ါးစာခံများ ကိုမလွှတ်တော့ဟု ဖေဖော်ဝါရီလ ၁၀ ရက် နေ့ တွင် ဟားမတ်စ်က ပြောကြားခဲ့သည်။
“စနေနေ့ မွန်းတည့်ချိန်ရောက်လို့မှ ကျွန်တော်တို့ ဓ-ါးစာခံတွေကို ပြန်လွှတ်မပေးဘူးဆိုရင် အပစ်အခတ်ရပ်စဲမှုက ပြီးဆုံးသွားမှာဖြစ်ပြီး IDF (အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့) က ဟားမတ်စ်အဖွဲ့ အပြီးသတ်ကျဆုံးတဲ့အထိ ပြင်းထန်တဲ့ တိုက်ပွဲတွေကို ပြန်စသွားမှာပါ” ဟု မစ္စတာနေတန်ယာဟုက ပြောဆိုသည်။
မစ္စတာ နေတန်ယာဟုအနေဖြင့် ဟားမတ်စ်အဖွဲ့ကို ရာဇသံပေးရာ၌ ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓ-ါးစာခံအားလုံး ပြန်လွှတ်ပေးရန်လား သို့မဟုတ် အပစ်ရပ်သဘောတူညီချက်အရ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် လွှတ်ပေးရန်ရှိသည့် ဓ-ါးစာခံသုံးဦးအတွက် ကို ဆိုလိုသလားဆိုသည်ကို လတ်တလောတွင် ရှင်းလင်းစွာ မသိရသေးပေ။
အစ္စရေး၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း ဟားမတ်စ်အနေဖြင့် စနေနေ့တွင် ဓ-ါးစာခံအားလုံး ကို ပြန်လွှတ်ပေးသင့်သည်ဟု ပြောဆိုထားသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
