ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
တပ်များအလိုက် မိမိတို့တာဝန်ယူထားရသည့် နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်နိုင်ရန်လိုကာ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲဂရုပြုပြီး အလေးအနက်ထားဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်း အားပြည့်ဝနေရန်လိုပြီး တစ်ဦးချင်းစီအလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည်ဖြစ်ကာ လေ့ကျင့်ရေးသင်တန်းကျောင်းများမှလည်း အမြဲမပြတ်လေ့ကျင့်ပေးနေရန်လိုအပ်၍ အဆင့်ဆင့်သောခေါင်းဆောင်များကိုယ်တိုင်က စည်းကမ်းကောင်းမှသာ စည်းကမ်းကောင်းမွန်ပြီး တိုက်စွမ်းရည်တိုက်စွမ်းအားကောင်းမွန်သည့်တပ်များဖြစ်လာမည်ဟု မှာကြားသည်။
” တပ်ဌာနချုပ်တွေ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့အချင်းချင်းပေါင်းစပ်ညှိနှိုင်းမှုတွေကိုလည်းဆောင်ရွက်ကြရပါမယ်။ နယ်မြေဒေသရဲ့မြေအနေအထားနဲ့ သတင်းအချက်အလက်တွေ လမ်းပန်းဆက်သွယ်ရေးဆိုင် ရာတွေ လုံခြုံရေးဆိုင်ရာတွေကို အချင်းချင်းပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ထားမှသာ အောင်မြင်မှုတွေရရှိနိုင်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
မိမိတို့လုပ်သင့်သည်များကို မှန်မှန်ကန်ကန်ဆောင်ရွက်နေမည်ဆိုပါက မည်သည့်စစ်ဆင်ရေး၊လုံခြုံရေးဆိုင်ရာများကိုမဆို အောင် မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်ကိုလည်း ပြောကြားသည်။
ထိုပြင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာများအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွားဖော်ဆောင်ရေးတို့ကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက်ရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များက တတ်စွမ်းသရွေ့ကြိုးပမ်းဆောင်ရွက်ကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။
