မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ် ပေါ်ပေါက်လာကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
အဓိကလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NUG တို့ပါဝင်ဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ သဘောထားပြောင်းလဲလာမှုကလည်း ယင်းအခြေအနေကို ပိုမိုထင်ရှားစေကြောင်း သုံးသပ်ထားသည်။
SCEF သည် ဇူလိုင်လအတွင်း ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကတိပြုထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က SCEF ကို တရားဝင်ဆွေးနွေးဖက်အဖြစ် သတ်မှတ်ထားခြင်းမရှိသေးသော်လည်း မြန်မာနိုင်ငံနှင့် အာဆီယံအကြား မဟာဗျူဟာမြောက် ပြန်လည်ချိတ်ဆက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှုများက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေသို့ ပိုမိုနီးကပ်လာစေကြောင်း ဆိုသည်။
“ဒါကြောင့် သူတို့အနေနဲ့ တပ်မတော်ကို အပြီးသတ်ဖြုတ်ချမယ်ဆိုတဲ့ ယခင်က လူသိရှင်ကြားကြေညာထားတဲ့ ပန်းတိုင်ကို လက်လျှော့လိုက်ပုံရပါတယ်” ဟု နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) မှ သုတေသနအရာရှိ မော်ဂန် မိုက်ကယ်လ်စ်က ပြောကြားသည်။
သို့သော် တပ်မတော်နှင့် SCEF တို့အကြား တိုက်ရိုက်နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် အချိန်ယူရဦးမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် အကြိုညှိနှိုင်းဆွေးနွေးမှုများကို မြင်တွေ့ရဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။
SCEF ပြောရေးဆိုခွင့်ရှိသူ စောနိမိတ်ကလည်း ၎င်းတို့၏ရည်မှန်းချက်မှာ တပ်မတော်၏ နိုင်ငံရေး၌ ပါဝင်မှုကို အဆုံးသတ်စေပြီး အရပ်ဘက်အုပ်ချုပ်ရေးစနစ် ထူထောင်ရန်ဖြစ်ကြောင်း၊ သို့သော် လက်ရှိတွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုသည့်သဘောထားရှိပြီး တွေ့ဆုံဆွေးနွေးရေးအတွက် တံခါးဖွင့်ထားကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရန် တပ်မတော်ဘက်က တိုက်ခိုက်မှုများရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် SCEF က တောင်းဆိုထားကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံသည် ဩဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အာဆီယံအကြား ပြန်လည်ချိတ်ဆက်နိုင်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။
ထိုင်းအစိုးရ၏ အဓိကဦးစားပေးလုပ်ငန်းများမှာ အကြမ်းဖက်မှုလျှော့ချရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေးနှင့် နယ်စပ်ဒေသများအပေါ် ပဋိပက္ခ၏ သက်ရောက်မှုကို ထိန်းချုပ်ရေးတို့ဖြစ်ကြောင်း ထိုင်းအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
International Crisis Group မှ အကြီးတန်းအကြံပေး ရစ်ချတ်ဟော်ဆီကလည်း ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးသည် အခြားတစ်ဖက်၏ သဘောထားကို နားထောင်ရန် အသင့်ရှိလာကြသော်လည်း ခိုင်မာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရန် နှစ်ဖက်အပြန်အလှန် လိုက်လျောညီထွေမှုများ လိုအပ်နေသေးကြောင်း သုံးသပ်ထားသည်။
Ref: The Straits Times
