ဆျူးတားမြို့ကို အခုလို လူတွေ အလုံးအရင်း ဝင်ရောက်လာတာဟာ ၂၀၂၁ ခုနှစ်က ဖြစ်ခဲ့တဲ့ အလားတူအဖြစ်အပျက် နောက်ပိုင်း အကြီးမားဆုံးဖြစ်ပြီး စပိန်တစ်နိုင်ငံလုံးအတွက် လူမှုရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်လာစေတယ်လို့ Politico သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်တဲ့ အဓိကအချက်အလက်တွေကို အောက်ပါအတိုင်း စုစည်းထားပါတယ်။
အကျပ်အတည်းရဲ့ ပမာဏ
ဇူလိုင် ၃၀ ရက်နေ့မှာ မော်ရိုကိုနိုင်ငံကနေ စပိန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆျူးတားမြို့ထဲကို လူပေါင်း ၄၀,၀၀၀ လောက် တရားမဝင် ဝင်ရောက်လာနိုင်တယ်လို့ စပိန်ပြည်သူ့စောင့်ရှောက်ရေးတပ်ရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး El Confidencial သတင်းက ဖော်ပြပါတယ်။
သတင်းအရဆိုရင် ရွှေ့ပြောင်းနေထိုင်သူတွေက မြို့ထဲကို ညဘက်အထိ ဆက်ပြီး ဝင်လာနေတုန်းပဲလို့ ဆိုပါတယ်။
အခုဖြစ်ရပ်ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဆျူးတားမှာ အဆိုးရွားဆုံး နယ်စပ်အကျပ်အတည်းဖြစ်ပြီး နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ခုဖြစ်တယ်လို့ Politico က ရေးသားထားပါတယ်။
ဒီကိစ္စကြောင့် စပိန်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး မဟာဗျူဟာအပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
လက်ယာစွန်းပါတီ Vox ရဲ့ ခေါင်းဆောင် ဆန်တီယာဂို အဘက်စကယ်(Santiago Abascal) က အခုအခြေအနေကို “ကျူးကျော်ဝင်ရောက်မှု” လို့ သုံးနှုန်းပြီး စပိန်အစိုးရကို မကျေမနပ်ဖြစ်ကြောင်း ထုတ်ပြောပါတယ်။ ဂျာမန်ပါတီ (AfD) ရဲ့ ပူးတွဲဥက္ကဋ္ဌ အဲလစ်စ် ဝီဒယ် (Alice Weidel) နဲ့ ဥရောပပြည်သူ့ပါတီခေါင်းဆောင် မန်ဖရက် ဝက်ဘာ (Manfred Weber) တို့ကလည်း ဥရောပသမဂ္ဂ (EU) ရဲ့ ရွှေ့ပြောင်းနေထိုင်သူဆိုင်ရာ သဘောတူညီချက်ကို လိုက်နာဖို့ မက်ဒရစ်အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
စပိန်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တွေဖြစ်တဲ့ ဆျူးတား နဲ့ မယ်လီလာ (Melilla) တို့ဟာ အာဖရိကတိုက်နဲ့ ကုန်းလမ်းနယ်နိမိတ် ထိစပ်နေတဲ့ တစ်ခုတည်းသော EU နယ်မြေတွေ ဖြစ်တာကြောင့် ဒီနေရာတွေဟာ EU ရဲ့ ရွှေ့ပြောင်းနေထိုင်သူဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်ရင် အမြဲတမ်း အငြင်းပွားစရာတွေ ဖြစ်လေ့ရှိတယ်လို့ Politico က ဖြည့်စွက်ရေးသားထားပါတယ်။
၂၀၂၁ ခုနှစ်တုန်းကလည်း မော်ရိုကိုကနေ ဆျူးတားကတစ်ဆင့် အနည်းဆုံး လူ ၈,၀၀၀ လောက် ဝင်ရောက်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ရွှေ့ပြောင်းနေထိုင်သူ ၁,၅၀၀ ကျော်လောက်က မော်ရိုကိုကနေ ဆျူးတားကို ရေကူးပြီး ဝင်လာခဲ့ကြသလို တချို့ကလည်း ကုန်းလမ်းကနေ ဝင်လာကြတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။ တချို့သတင်းရင်းမြစ်တွေအရဆိုရင် တစ်ပတ်အတွင်းမှာတင် လူ ၂ သောင်းလောက် ဝင်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။ အရေအတွက် အတိအကျကိုတော့ အခုထိ မသိရသေးပါဘူး။
အာဖရိက မြောက်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ ဆျူးတားမြို့ကို ရေကူးပြီး ဝင်ရောက်ဖို့ ကြိုးစားရင်း အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ El Pais သတင်းစာက ဖော်ပြပါတယ်။
အာဏာပိုင်တွေရဲ့ တုံ့ပြန်မှု
ဆျူးတားမြို့ အာဏာပိုင်တွေက မော်ရိုကိုနဲ့ နယ်စပ်ကို ပိတ်ပေးဖို့ စပိန်ဗဟိုအစိုးရကို တောင်းဆိုထားတယ်လို့ EFE သတင်းအေဂျင်စီက ဖော်ပြပါတယ်။
စစ်တပ်ချထားပေးဖို့ကိုလည်း မြို့တော်အာဏာပိုင်တွေက တောင်းဆိုထားပါတယ်။
ဆျူးတားအစိုးရအဖွဲ့ အကြီးအကဲ ဟွမ် ဟေးဆပ် ဗီးဗတ်စ် (Juan Jesus Vivas) က “ဒါဟာ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ဖြစ်နေပြီ” လို့ Onda Cero ရေဒီယို အင်တာဗျူးမှာ ပြောသွားပါတယ်။
ဝင်ရောက်လာတဲ့ သူတွေရဲ့ အရေအတွက်ဟာ မြို့လူဦးရေစုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းနဲ့ ညီမျှနေတယ်လို့ သူက ထပ်ပြောပါတယ်။
ဆျူးတားမှာ အခြေအနေတွေက လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလို့ စပိန်အမျိုးသားရဲတပ်ဖွဲ့ သမဂ္ဂ (JUPOL) က ထုတ်ပြန်ပါတယ်။
လူတွေ အလုံးအရင်း ဝင်ရောက်လာတဲ့အတွက် ဆျူးတားမြို့မှာ တပ်စွဲထားတဲ့ ကုန်းကြောင်းတပ်ဖွဲ့တွေကို ဖြန့်ကြက်ချထားဖို့ စပိန်အစိုးရက ဆုံးဖြတ်လိုက်တယ်လို့ El Pais က ဖော်ပြပါတယ်။
စစ်တပ်က မြို့လုံခြုံရေးအတွက် ပြည်သူ့စောင့်ရှောက်ရေးတပ် (Civil Guard) ကို ကူညီပေးသွားမှာပါ။
ဒီအကျပ်အတည်းကြားမှာပဲ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် (Pedro Sanchez) ဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ဆျူးတားကို သွားရောက်မယ်လို့ အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးက ကြေညာပါတယ်။
ဝန်ကြီးချုပ်နဲ့အတူ ပြည်ထဲရေးဝန်ကြီး ဖာနန်ဒို ဂရန်ဒေး မာလက်စကာ (Fernando Grande-Marlaska) လည်း လိုက်ပါသွားမှာပါ။
မော်ရိုကိုနိုင်ငံရဲ့ ရပ်တည်ချက်
ဒီလို တရားမဝင် ဝင်ရောက်မှုတွေ အလုံးအရင်း ဖြစ်လာတာဟာ ရာဇဝတ်ဂိုဏ်းတွေကြောင့် ဖြစ်တယ်လို့ မော်ရိုကို အာဏာပိုင်တွေက အပြစ်တင်ထားကြောင်း မက်ဒရစ်မြို့ရှိ မော်ရိုကိုသံရုံးက သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး Europa Press သတင်းက ဖော်ပြပါတယ်။
ရွှေ့ပြောင်းနေထိုင်သူ အရေးနဲ့ပတ်သက်ပြီး စပိန်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ စံပြဖြစ်တယ်လို့လည်း သံရုံးက ပြောထားပါတယ်။
ဒါပေမဲ့လည်း ကုန်းလမ်းရော ရေလမ်းကပါ လူတွေ အလုံးအရင်း ဝင်လာနေတာကို တားဆီးဖို့ မော်ရိုကို အာဏာပိုင်တွေဘက်က “ဘာမှ မလုပ်ဘူး” လို့ စပိန်ရဲသမဂ္ဂတွေက ပြောဆိုထားပါတယ်။
စပိန်နဲ့ မော်ရိုကိုကြားက သဘောတူညီချက်များ
ဆျူးတားမြို့ကို တရားမဝင် ဝင်လာသူတွေကို အမြန်ဆုံး ပြန်ပို့နိုင်ရေး အစီအမံတွေ လုပ်ဆောင်ဖို့ စပိန်နဲ့ မော်ရိုကိုတို့ သဘောတူညီထားတယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံနှစ်ခုကြား ရွှေ့ပြောင်းနေထိုင်သူ အရေးအပါအဝင် ကဏ္ဍစုံမှာ စံပြ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာကိုလည်း ဝန်ကြီးဌာနက အသားပေး ပြောကြားခဲ့ပါတယ်။
”လူကုန်ကူးတဲ့ ကွန်ရက်တွေ” က ဒီလိုဝင်ရောက်လာအောင် “လှုံ့ဆော်” နေတာလို့ ဝန်ကြီးဌာနက ယုံကြည်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်တွေအတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးဖို့ မော်ရိုကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် မက်ဒရစ်အစိုးရက ရာဘတ်အစိုးရကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
စပိန်အာဏာပိုင်တွေဟာ မော်ရိုကိုဘက်နဲ့ ညှိနှိုင်းပြီး နည်းလမ်းပေါင်းစုံနဲ့ ဝင်လာတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို အစုလိုက်အပြုံလိုက် ပြန်လည်ပို့ဆောင်မယ့် လုပ်ငန်းစဉ်ကို စတင်နေပြီလို့ Hespress သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
”ဆျူးတားမြို့တဝိုက်က ရေပြင်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ကြတဲ့သူတွေကို ချက်ချင်း အစုလိုက်အပြုံလိုက် ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်ပြီ” လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို သက်ဆိုင်ရာ မော်ရိုကို အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အရွယ်မရောက်သေးသူတွေ အပါအဝင် တရားမဝင် ဝင်လာသူ အားလုံးကို ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အီတလီက စပိန်နဲ့ ရှန်ဂန် (Schengen) သဘောတူညီချက်ကို ရပ်ဆိုင်းဖို့ ရည်ရွယ်ထား
ဆျူးတားမြို့ကို ရွှေ့ပြောင်းနေထိုင်သူတွေ အလုံးအရင်း ဝင်ရောက်လာတဲ့အတွက် အီတလီအနေနဲ့ စပိန်နဲ့ ရှန်ဂန်သဘောတူညီချက် (Schengen Agreement) ကို ရပ်ဆိုင်းဖို့ ရည်ရွယ်ထားတယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ (Antonio Tajani) က ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စကြောင့် စပိန်နိုင်ငံခြားရေးဝန်ကြီး က အီတလီသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
ဆျူးတားက ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းဟာ ဥရောပတိုက် တစ်ခုလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တယ်လို့ ဆိုပြီး စပိန်နဲ့ ရှန်ဂန် သဘောတူညီချက်ကို ရပ်ဆိုင်းဖို့ တာဂျာနီ က အစောပိုင်းမှာ ထောက်ခံပြောဆိုခဲ့တာပါ။
လက်ရှိ အီတလီအစိုးရဟာ တရားမဝင် ဝင်ရောက်လာမှုတွေကို တိုက်ဖျက်ရေးကို သူတို့ရဲ့ အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။
ဆျူးတား (Ceuta) အကြောင်း တစေ့တစောင်း
ဆျူးတားဟာ စပိန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ အဆင့်အတန်း ရထားတဲ့ မြို့ပါ။
သူ့ရဲ့ ပထဝီဝင် အနေအထားအရ ရွှေ့ပြောင်းနေထိုင်သူ ကိစ္စဟာ မြို့ရဲ့ အဓိက ပြဿနာတွေထဲက တစ်ခု ဖြစ်နေပါတယ်။
၂၀၂၁ ခုနှစ်တုန်းက အကျပ်အတည်း
၂၀၂၁ ခုနှစ် မေလတုန်းကလည်း ရက်အနည်းငယ်အတွင်းမှာပဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၀,၀၀၀ လောက် မော်ရိုကိုကနေ ဆျူးတားကို ဝင်ရောက်လာခဲ့ဖူးပါတယ်။
အဲ့ဒီတုန်းက အနောက်ဆဟာရ (Western Sahara) လွတ်လပ်ရေး လှုပ်ရှားနေတဲ့ POLISARIO တပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူး ဗရာဟင်မ် ဂါလီ (Brahim Ghali) ကို စပိန်အာဏာပိုင်တွေက ဆေးကုသခွင့် ပြုလိုက်တဲ့အပေါ် မော်ရိုကိုအစိုးရနဲ့ စပိန်အစိုးရတို့ကြား ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်နေချိန်မှာ အခုလို ဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
