ထိုင်း – မြန်မာနယ်စပ်၌ နောက်ဆုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မြန်မာမှထိုင်းဘက်ခြမ်းသို့ စစ်ဘေးရှောင်လာသူဒုက္ခသည်ထောင်ချီရှိကြောင်း တာ့ခ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ ယင်းသို့စစ်ဘေးရှောင်လာသူများအနက် ဒုက္ခသည်တစ်ထောင်ခန့်သည့် ၎င်းတို့ဆန္ဒအလျောက် ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်သွားပြီဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်မြို့နှင့် မဲရမတ်ခရိုင်များတွင် မြန်မာဒုက္ခသည်ထောင်ချီခိုလှုံနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခုကြေငြာချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ် ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်များသည် မြဝတီမြို့နယ်၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲကြောင့် ကရင်ဒေသခံ ၉,၀၀၀ ကျော်သည် ထိုင်းနိုင်ငံမဲဆောက်နှင့် မဲရမတ်ခရိုင်များသို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာကြရသည်ဟုဆိုသည်။
ယခုလက်ရှိတွင် ထိုင်းနိုင်ငံ၌ယာယီခိုလှုံနေထိုင်နေရသူ ၈,၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက်အများစုမှာ မြန်မာဘက်၌တိုက်ပွဲအခြေအနေငြိမ်သက်အေးဆေးမည့်အနေအထားကိုစောင့်ကြည့်နေကြသည်။ယခုအခါ မဲရမတ်ခရိုင်တွင် ယာယီခိုလှုံနေထိုင်သူ ၃,၇၀၀ ကျော်နှင့်မဲဆောက်တွင် ၅,၀၀၀ ကျော်ရှိကြောင်းဘန်ကောက်ပို့စ်သတင်းတစ်ရပ်အရသိရသည်။
စစ်ဘေးရှောင်များအား ထိုင်းအာဏာပိုင်များက မိမိဆန္ဒအလျောက်နေရပ်ပြန်ရန်ခွင့်ပြုထားပြီး အတင်းအကျပ်စေလွှတ်ခြင်းမျိုးမလုပ်ကြောင်းလည်းဆိုခဲ့သည်။
စစ်ဘေးရှောင်များဘေးကင်းရေးအတွက် ထိုင်းအာဏာပိုင်များက ကယ်ဆယ်ရေးစခန်းများတွင်တပ်စွဲကာ ကူညီစောင့်ရှောက်ပေးလျက်ရှိသော်လည်း စစ်ရှောင်စခန်းများ၌ လူများပြည့်ကျပ်နေကာ ရာသီဥတုပူပြင်းမှုကြောင့် သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များ နာမကျန်းဖြစ်နေကြသည်ဟုလည်းသိရသည်။
Source : The Thaiger
