နိင်ငံ၏ အမျိုးသားရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဆန်၊ စပါး၊ သား၊ ငါး နှင့် ဆီဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် (၇ ၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက တိုင်း ရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းသာ ဖြစ်ကြောင်းလည်း ဂုဏ်ပြုညစာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆန်၊ စပါး၊ သား၊ ငါး အပြင် ဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရန် အားလုံး၏ စည်းလုံးညီညွတ်မှု အင်အားပေါ်တွင် မူတည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုစိတ်ဓာတ်ကို ရင်ဝယ်ပိုက်ပြီး နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်ကို အားလုံးက တက်ညီလက်ညီပါဝင်ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားသွားကြောင်း သိရသည်။
