ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ယနေ့ ဇန်နဝါရီ ၂ ရက်က ကြေညာချက်အမှတ် (၁ /၂၀၂၆) ဖြင့်ထုတ်ပြန်ခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အမည်စာရင်းကြေညာရာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသော ကိုယ်စားလှယ်လောင်းများ အများဆုံးပါဝင်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတို့က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၁ (က) နှင့်အညီ ထုတ်ပြန်ကြေညာချက်များအရ ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
USDP ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ကချင်ပြည်နယ်မှ (၃) ဦး၊ စစ်ကိုင်းတိုင်းမှ (၆) ဦး၊ တနင်္သာရီတိုင်းမှ (၂ ) ဦး၊ မကွေးတိုင်းမှ (၁) ဦး၊ ရှမ်းပြည်နယ်မှ (၂) ဦးတို့ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ (၁) ဦးလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်း၌ပါဝင်ခဲ့သည်။
