နေပြည်တော်၊ ဇူလိုင် ၂၃
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့၊ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်က စတင်ကျင်းပခဲ့ရာ ယင်းသည် မြန်မာနိုင်ငံပြင်ပတွင် ပထမဆုံးအကြိမ် ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲကို ယူနန်ပြည်နယ်ပြည်သူ့အစိုးရနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ပြပွဲအတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချကာ တရုတ်ယွမ်ငွေဖြင့် ငွေပေးချေနိုင်သည့်စနစ် ကို ပထမဆုံးအသုံးပြုထားကြောင်း သိရသည်။
ယင်းစနစ်ကြောင့် ကျောက်မျက်ရတနာကုန်သည်များအနေဖြင့် တရုတ်နိုင်ငံအတွင်း၌ပင် ယွမ်ငွေဖြင့် ကျောက်စိမ်းအတွဲများ ဝယ်ယူနိုင်သဖြင့် အရင်းအနှီးကုန်ကျစရိတ် လျော့နည်းလာပြီး အရောင်းအဝယ်လုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်လာကြောင်း သိရသည်။
ထို့ပြင် ယခုကဲ့သို့ ပြပွဲကျင်းပခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေသည့်အပြင် နယ်စပ်ဖြတ်ကျော် ကျောက်မျက်ရတနာလုပ်ငန်းများ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
တယ်ဟုန်ပြည်နယ်ခွဲသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်းရိုင်း ဖြန့်ဖြူးရေးဗဟိုနှင့် ကျောက်မျက်အချောထည် အရောင်းအဝယ်စင်တာတစ်ခုဖြစ်ပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင် ၄၅,၀၀၀ ကျော်နှင့် လုပ်သား ၁၀၀,၀၀၀ ကျော် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်အတွင်း တယ်ဟုန်ပြည်နယ်ခွဲ၏ ကျောက်မျက်ရတနာ Live Streaming ရောင်းချမှုတန်ဖိုးမှာ ယွမ် ၁၁ ဒသမ ၅၉ ဘီလီယံ ရှိခဲ့ပြီး ကျောက်မျက်ရတနာလုပ်ငန်းဂေဟစနစ်ကို အပြည့်အဝ ဖွံ့ဖြိုးတည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။
