တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဇူလိုင် ၁ ရက်က တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အနည်းငယ်သော အပြောင်းအလဲတစ်ခုကပင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နှင့် အမေရိကန်တို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို အတူတကွ စီမံခန့်ခွဲသင့်ပြီး အပြန်အလှန်လေးစားမှုနှင့် တည်ငြိမ်သော ဆက်ဆံရေးကို တည်ဆောက်သွားရန် လိုအပ်ကြောင်း ဝမ်ယိက တိုက်တွန်းခဲ့သည်။
ယခုဖုန်းဆက်သွယ်ဆွေးနွေးမှုသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ မေလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုတွေ့ဆုံပွဲတွင်လည်း ထိုင်ဝမ်အရေးကို မှားယွင်းစွာ ကိုင်တွယ်ပါက တရုတ်-အမေရိကန် ဆက်ဆံရေးကို အန္တရာယ်ရှိသည့် အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း တရုတ်ဘက်က သတိပေးခဲ့သည်။
ဝမ်ယိက နှစ်နိုင်ငံအနေဖြင့် အတားအဆီးများနှင့် အနှောင့်အယှက်များကို လျှော့ချကာ အကျိုးဖြစ်ထွန်းပြီး မဟာဗျူဟာအရ တည်ငြိမ်သည့် ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားသင့်ကြောင်းလည်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဝမ်ယိနှင့် မာကို ရူဘီယိုတို့သည် နှစ်နိုင်ငံအကြား ဆက်သွယ်ဆွေးနွေးမှုများကို ပြောင်းလွယ်ပြင်လွယ်ရှိသည့် နည်းလမ်းဖြင့် ဆက်လက်ထိန်းသိမ်းသွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။
Ref: AsiaOne
