၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး အမျိုးသား/အမျိုးသမီးပြိုင်ပွဲကို အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပလျက်ရှိပြီး ဇူလိုင် ၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲပထမနေ့၌ ကျင်းပသည့် ၆ ပေါက်တန်း အမျိုးသားပြိုင်ပွဲတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ရမှတ် ၁၄၀၈ ဖြင့် အမြင့်ဆုံးရမှတ်ရရှိခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ၁၂၈၉ မှတ်၊ သာသနာရေးဝန်ကြီးဌာနအသင်းက ၈၀၉ မှတ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက ၆၈၁ မှတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက ၆၃၁ မှတ်နှင့် အလုပ်သမားဝန်ကြီးဌာနအသင်းက ၅၂၀ မှတ်တို့ အသီးသီးရရှိခဲ့ကြသည်။
၄ ပေါက်တန်း အမျိုးသမီးပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ၆၇၁ မှတ်ဖြင့် ဦးဆောင်ခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ၆၀၉ မှတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ၆၀၈ မှတ်၊ အားကစားရေးရာဝန်ကြီးဌာနအသင်းက ၄၃၁ မှတ်၊ ပညာရေးဝန်ကြီးဌာနအသင်းက ၄၀၀ မှတ်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက ၃၈၇ မှတ် အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂ ရက်တွင် ၆ ပေါက်တန်း အမျိုးသားပြိုင်ပွဲ ဒုတိယနေ့အဖြစ် ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အသင်းများ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှ ၆ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) တွင် ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များနှင့် ပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။