တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို စွဲမြဲစွာ ထားရှိမှုအတွက် ဆလိုဗက်ကီးယားကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ချီးကျူးခဲ့ပြီး ပိုမိုကျယ်ပြန့်သော ဥရောပသမဂ္ဂ(အီးယူ) နှင့် ဆက်ဆံရေးတည်ဆောက်ရာတွင် ဆလိုဗက်သည် ပေကျင်းကို ဆက်လက်ကူညီနိုင်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးချုပ်ကို ရှီကပြောကြားခဲ့သည်။
နိုင်ငံတကာအသိုက်အဝန်းသည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ယခင်ကထက် ပိုမိုလိုအပ်နေကြောင်း စက်တင်ဘာလ ၃ ရက်နေ့က ပေကျင်းတွင် ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဝန်ကြီးချုပ် ရောဘတ် ဖီကို, ကိုရှီက ပြောကြားခဲ့သည်။
မမျှတသော ဈေးကွက်ယှဉ်ပြိုင်မှုကြောင့်ဆိုကာ တရုတ်လုပ် လျှပ်စစ်ကားများအပေါ် စည်းကြပ်ခွန်များစွာချမှတ်ထားသော ဥရောပသမဂ္ဂကို ပေကျင်းအတွက် ထောက်ခံပြောဆိုပေးရန် ဆလိုဗက်ကီးယားကဲ့သို့သော အီးယူနိုင်ငံအချို့ကို တရုတ်က အားကိုးအားထားပြုနေသည်။ ဆလိုဗက်ကီးယားသည် အဆိုပါစည်းကြပ်ခွန်များကို ဆန့်ကျင်သော အီးယူငါးနိုင်ငံအနက်မှ တစ်နိုင်ငံဖြစ်သည်။
တရုတ်-အီးယူ ဆက်ဆံရေးကို မြှင့်တင်ရာတွင် ဆလိုဗက်ကီးယားသည် အအပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဟု သူ မျှော်လင့်ပါကြောင်း မစ္စတာရှီက ပြောဆိုခဲ့သည်ဟု ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
မေလအတွင်းက မော်စကိုတွင် ရှီနှင့်နောက်ဆုံး တွေ့ဆုံထားခဲ့သော ဖီကိုသည် ၎င်း၏နိုင်ငံနှင့် တရုတ်၏ ဆက်ဆံရေး အလျင်အမြန်တိုးတက်စေရန် စိတ်အားထက်သန်နေသည်။
အခြားအီးယူအဖွဲ့ဝင်နိုင်ငံဖြစ်သော ဟန်ဂေရီနှင့်အတူ ဆလိုဗက်ကီးယားသည် အီးယူသို့ တင်ပို့ရောင်းချနေသည့် တရုတ်ကုမ္ပဏီများထံမှ အလုပ်အကိုင်ဖန်တီးပေးမည့် စက်မှုလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်စည်းရုံးနေသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
