စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ်
မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့တွင် မေးမြန်းခဲ့ကြောင်း သိရသည်။
“ရပ်ကွက်ကျေးရွာတွေမှာ လိုင်စင်မဲ့ ယစ်မျိုးဆိုင်များ၊ မိတ္တုပွားဆိုင်များ ဖွင့်လှစ်ရောင်းချနေကြောင်း ကြားသိမြင်တွေ့နေရပါတယ်။ တာဝန်ရှိသူများ စိစစ်အရေးယူမှုများ ဆောင်ရွက်နေပေမယ့် ထိရောက်စွာ ဆောင်ရွက်နေမှု အားနည်းတာကိုတွေ့ရပါတယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယစ်မျိုးလိုင်စင် ၉၇၀၀ ကျော် ခွင့်ပြုထားပြီး တစ်နိုင်ငံလုံးတွင် ၄ သောင်းကျော် ခွင့်ပြုထားကြောင်းလည်း သိရသည်။
ထို့ပြင် ဆက်စပ်မေးခွန်းမေးမြန်းချိန်တွင်လည်း ကိုယ်စားလှယ် ဦးတင်မြင့်က “အရေးယူနေတယ်ဆိုပေမယ့် မြေပြင်မှာ တရားမဝင် ပြောင်းလွှဲတာ မိတ္တူပွား လုပ်ဆောင်နေတာတွေလည်း အကျင့်ပျက်ဝန်ထမ်းတွေနဲ့အတူ မြေပြင်မှာ လုပ်ဆောင်နေတာတွေ ရှိနေပါတယ်၊ ထိရောက်စွာ အရေးယူဖို့ နဲ့ စီမံချက်တစ်ခု နဲ့ တရားမဝင် ယစ်မျိုးလိုင်စင်များကို ထင်သာမြင်သာရှိအောင် အရေးယူဆောင်ရွက်ပေးဖို့ ရှိမရှိ မေးမြန်းလိုပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယစ်မျိုးလိုင်စင်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက လာရောက်ဖြေကြားခဲ့ပြီး ယစ်မျိုးလိုင်စင်ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပတ်သက်ပြီးတော့ ဖမ်းဆီးအရေးယူခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုပ်ဆောင်နေပြီး ပြစ်ဒဏ်ချမှတ်ခြင်းများကို တရားရုံးအဆင့်ဆင့်က တာဝန်ယူဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အထိ ယစ်မျိုးလိုင်စင်နှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးမှု အကြိမ်ရေ ၁၅၉၇ ကြိမ်မှ ဖမ်းဆီးမှု ၁၂၃ ကြိမ် စုစုပေါင်း ၂၁၆ ဦးကို အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်စပ်မေးခွန်းကိုလည်း ပြန်လည်ဖြေကြားခဲ့ပြီး “တရားမဝင်ရောင်းချတာတွေကို တိုင်ကြားချက်အပေါ်မှာ စိစစ်ပြီးဆောင်ရွက်ရတာဖြစ်တယ်၊ သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်ကြားလိုသူများအနေဖြင့်လည်း တိတိကျကျ တိုင်ကြားပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ စီမံချက်ဆောင်ရွက်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်တယ် “ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၆ မတ်လတွင် ယစ်မျိုး ဥပဒေကို အခန်း၁၈ ခန်းဖြင့် အတည်ပြုပြဌာန်းထားကြောင်း သိရသည်။
