တနင်္သာရီ၊ စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ရေဖုံးလွှမ်းမှုကြောင့် ယာဉ်သွားလာမှု ပြတ်တောက်ခဲ့သည့် ပြည်ထောင်စုကားလမ်းမကြီးတွင်လည်း မော်တော်ယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လယ်တောင်ယာရွာပတ်ဝန်းကျင်တွင် ရေဖုံးလွှမ်းမှုကြောင့် မော်တော်ယာဉ်များ ပိတ်မိခဲ့သော်လည်း စက်တင်ဘာ ၅ ရက်မှစ၍ ရေပြန်လည်ကျဆင်းလာသဖြင့် ကား၊ ဆိုင်ကယ်နှင့် အခြားယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ပြီး စာသင်ကျောင်းအချို့ ခေတ္တပိတ်ထားခဲ့ရသည့်အပြင် ပြည်ထောင်စုကားလမ်းမကြီး၏ နေရာအချို့တွင်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်။
လက်ရှိတွင် မြစ်ရေပြန်လည်ကျဆင်းလာမှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေးအခြေအနေမှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
