တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးရှိ Shop House ဆိုင်ခန်းအဆောက်အဦများရောင်းချရန်နှင့် ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း ၅၇ ခုတို့အတွက် တစ်နှစ်တာလုပ်ကိုင်ခွင့် တင်ဒါခေါ်ယူနေကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် အင်းစိန်မြို့နယ်ရှိ တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ လက်ကားဈေးကြီးတွင် အဆင့်မြင့်လက်ကားဈေး(တညင်းကုန်း)စီမံကိန်းမှ ၂ ခန်းတွဲ ၃ ထပ်တိုက် Shop House ဆိုင်ခန်းအဆောက်အဦ(၄)လုံး ရောင်းချရန်နှင့် ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်း လုပ်ငန်း(၅၇) ခုတို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၃၁ ရက်)အထိ ဒုတိယအကြိမ်အငှားချ ထားရန်အတွက် တင်ဒါအဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
စိတ်ပါဝင်စားသူများအနေဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ ၆ ရက်နေ့အထိ တင်ဒါ လျှောက်လွှာများကို ရုံးချိန်အတွင်း ရောင်းချပေးနေကြောင်း သိရသည်။
အဆိုပါ တင်ဒါလျှောက်လွှာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန မြို့တော်ခန်းမ ဒုတိယထပ်တွင်လည်းကောင်း၊ ပွဲရုံစခန်းများရှိ လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(၇)လွှာ၊ ၁၂ ထပ်ခွဲရုံး (၄၆ လမ်း) ဗိုလ်တစ်ထောင်မြို့နယ်တွင်လည်းကောင်း အသီးသီး ဝယ်ယူနိုင်ကြောင်း သိရသည်။
တင်ဒါလျှောက်လွှာများကို လာမည့် ဖေဖော်ဝါရီ ၉ ရက်၊ နေ့လည် ၂ နာရီတွင် နောက်ဆုံးထား ပြန်လည် တင်သွင်းရမည်ဖြစ်သည်။
