၂၀၂၅ ခုနှစ် မတိုင်မီတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအနေဖြင့်သူနာပြု-သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာလျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂) ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းတို့ကို စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။
လျှောက်ထားသူများမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် လျှောက်လွှာပိတ်သည့် ဩဂုတ်လ ၂၈ ရက်မတိုင်မီ အသက် ၂၅ နှစ်ထက်ကျော်လွန်သူမဖြစ်ရပဲပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်ဖြစ်သည့်အပြင် အိမ်ထောင်မရှိသူ (အပျို/လူပျို) ဖြစ်ရမည်ဖြစ်သည်။
ဌာနဆိုင်ရာဝန်ထမ်းဖြစ်လျှင် လျှောက်လွှာမူရင်းကို မိမိသက်ဆိုင်ရာဦးစီးဌာန အကြီးအကဲမှတဆင့် လျှောက်ထားရမည်ဖြစ်ကာ လျှောက်လွှာများကို မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃) ဘာသာရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်မည်ဖြစ်သည်။
သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ သူနာပြု-သားဖွားဒီပလိုမာသင်တန်းအတွက် (၈) သိန်းနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်းအတွက် (၃) သိန်း ပေးလျော်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
သင်တန်းအောင်မြင်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ်ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို အနည်းဆုံး (၃) နှစ်နှင့် ပညာသင်ထောက်ပံ့ကြေးခံစားထားသူများအတွက် အနည်းဆုံး (၅) နှစ် မပျ-က်မကွ-က် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ကြောင်း ဝန်ခံကတိရေးထိုးရမည်ဖြစ်သည်။
သင်တန်းတက်ရောက်ခွင့်ရရှိပါက တက္ကသိုလ်/ကောလိပ်/အဝေးသင် တက်နေသူဖြစ်လျှင် သင်တန်းကာလအတွင်း ပညာသင် ခေတ္တရပ်နားခွင့်ပြုကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်/အကြီးအကဲ၏ ထောက်ခံစာမူရင်းကို တက်ခွင့်ရမည့် သူနာပြု/သားဖွား/နှီးနွယ် သင်တန်းကျောင်းသို့ ပေးအပ်နိုင်ရမည်။
လျှောက်လွှာများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့၏ အင်တာနက်စာမျက်နှာတွင် ရယူပြီး ပြည့်စုံ၊ တိကျ၊ ပီသစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ပူးတွဲပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် စာစစ်ဌာနတည်ရှိသော တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့သာ ဩဂုတ်လ (၂၉) ရက်ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
