၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းမှစတင်ကျင်းပပြုလုပ်လျက်ရှိရာ၊ ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်များကျန်ရှိနေပါက မဲပေးခွင့်ပြုသွားမည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ မဲရုံပေါင်း (၃၃၅) ရုံ ဖွင့်လှစ်ထားရာ အသက် (၁၈) နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူ (၅၉၄,၅၅၀) ဦး မဲဆန္ဒပေးခွင့်ရှိကြောင်းဆိုသည်။
ယနေ့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေစက် (MEVM) ဖြင့် ဆန္ဒမဲလာရောက်ပေးနေကြသည်ကိုလည်းတွေ့မြင်ရသည်။
မွန်ပြည်နယ် မြို့နယ်ငါးမြို့နယ်၌ နိုင်ငံရေးပါတီများဖြစ်သည့် ပအို့ဝ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က လွှတ်တော် (၃) ရပ် အတွက် ဝင်ရောက်ယှဉ်ပြိုင်နေသည်။
မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် (၅) မြို့နယ်ဖြစ်သည့်ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့တွင် ကျင်းပနေခြင်းဖြစ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် (၁၀၂) မြို့နယ်၌ ဒီဇင်ဘာ (၂၈) ရက်တွင်စတင် ကျင်းပနေပြီး အပိုင်း (၂)ကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်၌ မြို့ နယ် (၁၀၀) တွင် ကျင်းပမည်ဖြစ်သည်။
ရွေကောက်ပွဲအပိုင်း (၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်၌ မြို့နယ်ပေါင်း (၆၃) မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
