ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲတော်ကို ယခုနှစ်၂၀၂၆ တွင် မတ်လ ၂၇ ရက်နေ့မှ ဧပြီ ၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။
ဘုရားပွဲတွင်ကပြမည့် ဇာတ်သဘင်များတွင် စမ်းရေမိုးနှင့် အောင်ဇဗ္ဗူ ဇာတ်များလည်း ပါဝင်မည်ဖြစ်ရာ ပဲခူးပရိတ်သတ်က ရင်ခုန်စွာ စောင့်စားလျှက်ရှိနေကြသည်။
ပဲခူးပွဲမဝင်နိုင်လျှင် ဇာတ်ကြီးမဖြစ်ဘူးဟုဆိုရိုးရှိခဲ့ဖူးသည်။ နောက်ပိုင်းလေလံဈေးများလာကြသည့်အခါမဝင်နိုင်ကြသည်များလည်း ရှိသည်။
တနှစ်ပတ်လုံး ပွဲရာသီကို ပဲခူးတွင် သိမ်းလေ့ရှိကြသဖြင့် အပြိုင်အဆိုင် ကကြသည့် ပွဲလည်းဖြစ်သကဲ့သို့ ကန်ထရို-က်များကလည်းစာချုပ်လာချုပ်ကြ၊ လူလုကြ၊ နှိုက်ကြ၊ လူပြောင်းကြလေ့ရှိပြီး ဇာတ်သမားများစာချုပ်သစ်ချုပ်ကြ၊ အသုံးကြိုထုတ်ကြဖြင့် မိုးရာသီဇာတ်ခေါင်းကွဲကြလေသည်။
ပဲခူးသည်ဆေးလိပ်ခုံများဖြင့်စည်ကားခဲ့ချိန်က ဆေးလိပ်သမများအားပေးမှု၊ နီးစပ်ရာရွာများမှလှည်းဝိုင်းကြီးများနှင့်လာပြီး ဇာတ်ရုံဘေးတွင်စတည်းချကြမှုများက ပဲခူးပွဲ ရာဇဝင်များထဲကဇာတ်လိုက်များပင်ဖြစ်ပေသည်။
ယခုနှစ်တွင်နာမည်ကြီးဇာတ်များဝင်နိုင်အောင် ခေါင်းခဲစွာအားထုတ်ရချိန်တွင် အောင်ဇဗ္ဗူနှင့် စမ်းရေမိုးအပြိုင်ဝင်မည့်သတင်းဖြစ်နေခြင်းက ပဲခူးဘုရားပွဲကို အတိတ်က စည်ကားခဲ့မှုဆီသို့ ပြန်ခေါ်နိုင်မည်လား စောင့်ကြည့်ကြရမည်။
ရွှေမန်းတင်မောင်ခေတ်က ဘောလုံးအသင်းထောင်ပြီးဒေသခံအသင်းများနှင့်မိတ်ဆက်ကန်လေ့ရှိသည်ကလည်း အမှတ်ရစရာပင်။ ရွှေမန်းတင်မောင်၊ ညွန့်ဝင်း၊ ဝင်းဗိုလ်၊ ချမ်းသာတို့ ပဲခူးပွဲတွင်ဘောလုံးကန်ခဲ့ကြသေးသည်။ ရွှေမန်းသဘင်တွင် အကယ်ဒမီညွန့်ဝင်းကိုယ်တိုင်အားဖြည့် ကပြပြီး ပြဇာတ်အသစ်များတင်ဆက်လေ့ရှိခဲ့သည်။
မိုးကြိုးဌက်ငယ် အဖွဲ့ဆိုလျှင်နေ့ပွဲညပွဲကဖူးသကဲ့သို့မျက်လှည့်အဖွဲ့များလည်းဝင်လေ့ရှိပြီးရန်ကုန်မှအနုပညာရှင်များပါသွားရောက်အားပေးလေ့ရှိသည်။
ဇာတ်အဖွဲ့များလည်းရုံကူး ကပြကြခြင်း၊ စုပေါင်းရန်ပုံငွေပွဲလည်းအတူကကြခြင်းဖြင့် သဘင့် စည်းလုံးညီညွှတ်မှု မင်္ဂလာတရားကို ပရိသတ်ကိုပါ ခံစားရစေခဲ့သည်။
ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲဈေးသည်စည်ကားပျော်ရွှင်စရာကောင်းသလို သတိထားစရာများလည်းရှိသည်။ ၂၀ဝ၄ ခုနှစ်က ဘုရားပွဲစျေးအတွင်း လူ ၂၉ ဦး ခွေးရူးအကိုက်ခံရဖူးသည်ကလည်း သတိထားဖွယ်ပင်ဖြစ်သည်။
