နိုင်ငံတော်အတွင်း စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချနေသော ဆီစက်များ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ဘီလီယံ (၅၀) မတည်ထူထောင်ပေးခဲ့ပြီး တစ်နှစ်လျှင် အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနက သိရသည်။
ယခင်က ချေးငွေ ထုတ်ချေးခြင်းကို မြန်မာစီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တိုသာ ဆောင်ရွက်ခဲ့ရာမှ ယခု PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်ပါ ဝင်လာမည်ဖြစ်၍ ဆီစက်လုပ်ငန်းများ ဖွံဖြိုးရေးချေးငွေအစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောသည်။
ထိုကြောင့် ချေးငွေပမာဏကိုလည်း ယခင်က ဆီစက်လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် သိန်း (၃၀၀၀) ထိသာထုတ်ချေးခဲ့ရာမှ ယခုငွေကျပ်သိန်း (၅၀၀၀) အထိ တိုးမြှင့်ထုတ်ချေး ခွင့်ပြုထားပြီး ဆီစက်အကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း (၁၀၀၀၀) အထိ ထုတ်ချေးမည်ဖြစ်ကြောင်း ဒေါ်သန်းသန်းလင်း ကပြောကြားခဲ့ခြင်းဖြစ်သည်။
ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေ အစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Participating Financial In stitution-PFI) အဖြစ် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ကို ယမန်နေ့ နိုဝင်ဘာ (၂၂) ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါ သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းနားကို ဆီစက်လုပ်ငန်းများ ဖွံဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ၊ အဖွဲဝင်များ၊ ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတစ်ဝန်းရှိ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံဖြိုးရေးချေးငွေကို စနစ်တကျရယူ၊ ထုတ်ချေးခြင်းဖြင့် ဆီစက်လုပ်ငန်းများဖွံဖြိုးမှုနှင့် အရည်အသွေးမြင့်သော စားသုံးဆီများ ဖြန့်ဖြူးရောင်းချပေးနိုင်မည်ဖြစ်၍ နိုင်ငံခြားမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲရမှုလျော့နည်းသက်သာစေမည်ဖြစ်ခြင်းကြောင့် မျှတစွာဖြင့် အကောင်းဆုံးဆောင်ရွက်စေလိုကြောင်းလည်း ဒုတိယဝန်ကြီးကပြောကြားခဲ့သ ည်။
