ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်မောင်းများအကြားစည်းကမ်းဖောက်ဖျက်မှုများပြားလာသည့်အတွက် နည်းပညာသုံးစောင့်ကြည့်စစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံက သိရသည်။
YRTC အနေဖြင့် ယာဉ်မောင်းများ၏ မောင်းနှင်မှုပုံစံကို လူကိုယ်တိုင်လိုက်လံစစ်ဆေးခြင်းအပြင် Traffic Control Center မှတစ်ဆင့် ယာဉ်များ၏ မောင်းနှင်မှုအမြန်နှုန်းနှင့် တည်နေရာကို သိရှိနိုင်သော နည်းပညာမြင့် စက်ပစ္စည်းများ၊ လမ်းဆုံလမ်းခွများနှင့် ယာဉ်ပေါ်ရှိ CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ ယာဉ်မောင်းများ မူးယစ်ဆေးသုံးစွဲခြင်း ရှိ၊ မရှိသက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ်ခြင်းစသည့်စနစ်များဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
စည်းကမ်းဖောက်ဖျက်သည့် မှတ်တမ်းများကို အပတ်စဉ် အင်္ဂါနေ့တိုင်း စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် စိစစ်ပြီးအရေးယူမှုများပြုလုပ်လျက်ရှိကြောင်း ဆိုသည်။
ထို့အပြင် လမ်းပြောင်းပြန်မောင်းခြင်း၊ မီးနီဖြတ်ခြင်း၊ သတ်မှတ်ကီလိုထက် ပိုမောင်းခြင်းကြောင့် ယာဉ်တို-က်မှုဖြစ်ပွားပြီး လူေ-သဆုံးပါက အဆိုပါ ယာဉ်မောင်းကို YRTC မှ ရာသက်ပန်ထုတ်ပယ် (Blacklist)သတ်မှတ်ကာ လက်တွဲဖြုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများ များပြားလာသောကြောင့် တစ်လလျှင် (၂) ကြိမ်နှုန်းဖြင့် အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်နေရကြောင်း YRTC ကအသိပေးထားသည်။
ယမန်နေ့ မေလ (၇) ရက်က ပြုလုပ်ခဲ့သည့် (၅/၂၀၂၆) သင် တန်းတွင် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်း (၁၀၀) ဦးကို ခေါ်ယူပညာပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နေ့စဉ် ခရီးသွားပြည်သူ (၁.၇) သန်းခန့်ကို ယာဉ်စီးရေ (၃၇၀၀) ကျော်ဖြင့် ပို့ဆောင်ပေးနေရပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေးသည် အဓိက အရေးကြီးဆုံးဖြစ်သောကြောင့် ယခုကဲ့သို့ စောင့်ကြည့်အရေးယူမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
