စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေးတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ဖွင့်ပွဲကို မတ်လ (၁၃) ရက်၊ နံနက်ပိုင်းက အဆိုပါဈေးရုံတွင် ကျင်းပခဲ့သည်။
ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည် ရေးဈေးရုံ ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံတရုတ်စက်မှု လုပ်ငန်းရှင်များအသင်းတို့မှလှူဒါန်း၍ မြန်မာ – တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်ခြင်းဖြစ်သည်။
ဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr.Liu Ming နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံ တ ရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr.Liu Ming ၊ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်း Senior President ဦးသစ္စာ (ခ)Mr.Li Bo Bo ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်ဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနားကို တက်ရောက်ကြသည်။
“အခုလို ဈေးရုံသစ်ဆောက်လုပ်ပေးခဲ့တဲ့အတွက် ရပ်ကွက်အနီးမှာ လာရောက်ဈေးရောင်းချတဲ့ အခြေခံပျံကျဈေးသည်တွေနဲ့ ရပ်ကွက်နေပြည်သူတွေအနေနဲ့ ဈေးရောင်း၊ ဈေးဝယ်တွေကို အချိန်တိုအတွင်းဆောင်ရွက်နိုင်တဲ့အတွက် ကုန်စည်သယ်ယူပို့ဆောင်ရာမှာ စရိတ်လျော့နည်းလာတယ်။
ကုန်စည်စီးဆင်းမှုလွယ်ကူတာကြောင့် စစ်ကိုင်းမြို့နေပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေးအခန်းကဏ္ဍတွေ အထောက်အကူပြုပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ မြန်မာ-တရုတ် ချစ်ကြည်ရေးဈေးရုံသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ လိုအပ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr.Liu Ming တို့က ရွှေမင်းဝံဈေးရုံသစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမှ ရွှေမင်းဝံဈေးမြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းမြိုု့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်သည် အလျား ပေ (၁၀၀)၊ အနံ ပေ (၁၀၀)ရှိ (၁) ထပ်ဈေးရုံဖြစ်ပြီး (၆) ပေပတ်လည် ဈေးဆိုင်ခန်းပေါင်း – (၁၁၂) ခန်းပါဝင်ကာ အဆိုပါဈေးခန်းများတွင် စားဖိုဆောင်သုံး ဒေသထွက်ဟင်းသီးဟင်းရွက်နှင့် သီးနှံများကို ရောင်းချသွားမည်ဖြစ်သည်။
