စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် စိုက်ပျိုးထားသောဂျုံဧက(၃) သောင်းကျော်အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ ဒေသနဲ့ ကိုက်ညီတဲ့ ဈေးကွက်ဝင် အထွက်ကောင်း ဂျုံမျိုးတွေ ပြောင်းလဲသုံးစွဲဖို့၊ စိုက်နည်း စနစ်မှန်ကန်ဖို့၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နိုင်စေဖို့၊ သဘာဝမြေဩဇာ အသုံးပြုမှု မှန်ကန်စေဖို့၊ ရိတ်သိမ်းချိန်လွန် အလေအလွင့်မရှိစေဖို့၊ သိုလှောင်ထားချိန်မှာ မျိုးရောစပ်မှု မရှိစေဖို့ကို တိုက်နယ်အလိုက် စိုက်ပျိုးရေး တာဝန်ခံများကတဆင့် နည်းပညာတွေ ပေးပြီး လက်တွေ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုနှစ်မှာ အရင်နှစ်တွေကထက် ဂျုံသီးနှံတွေ ပိုမိုအောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်” ဟုစစ်ကိုင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်အောင် က ပြောသည်။
စစ်ကိုင်းမြို့နယ်တွင် ပြီးခဲ့သည့်နှစ်က ဂျုံ (၃၁၀၃၃)ဧကစိုက်ပျိုးခဲ့ပြီး ယခု၂၀၂၄ – ၂၀၂၅ ဂျုံစိုက်ပျိုးရာသီတွင် (၃၁၀၃ ၅) ဧကစိုက်ပျိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီများတွင် ဒေသနှင့်ကိုက်ညီ သည့် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး၊ EM- ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေး၊ ထရိုင်ဂို ဒါးမားမြေဆွေးပြုလုပ်သုံးစွဲနိုင်ရေးတို့ကို တောင်သူများ ဖိတ်ခေါ်၍လည်းကောင်း၊ကျေးရွာများ အရောက်ကွင်းဆင်း၍ လည်းကောင်း စဉ်ဆက်မပြတ် နည်းပညာများ ဖြန့်ဝေပေးပြီး လက်တွေ့ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကိုင်းမြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ သိရသည်။
