စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့တွင် ၈.၁၅ လက်မ၊ ဟုမ္မလင်းမြို့တွင် ၃.၃၉ လက်မအထိ ရွာသွန်းမည်ဖြစ်ပြီး၊ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့တွင် ၇.၃၇ လက်မအထိ ရှိနိုင်ကြောင်း ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်း မြို့များဖြစ်သည့် တာမိုးညဲတွင် ၃.၆၂ လက်မ၊ မိုင်းဖြတ်တွင် ၃.၄၈ လက်မနှင့် တာချီလိတ်မြို့တွင် ၂.၅ လက်မအထိ မိုးရေချိန်ရှိမည်ဖြစ်ကာ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၅.၁၇ လက်မ၊ စစ်တွေမြို့တွင် ၄.၃၉ လက်မနှင့် မောင်းတောမြို့တွင်၃.၂၇ လက်မအထိ မိုးရွာသွန်နိုင်ကြောင်း သိရသည်။
မိုးရေချိန်ရွာသွန်းမှု များပြားခြင်းကြောင့် ယနေ့ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အချို့တွင် ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးမှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသများ၌ မိုးအနည်းငယ်မှ မိုးအသင့်အတင့်သာရွာသွန်းနိုင်သည်ဟုသိရသည်။
