ရန်ကုန်၊ စက်တင်ဘာ ၆
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။ထုတ်ပြန်ချက်အရ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများအပြင် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာနိုင်ကြောင်း သိရသည်။အဆိုပါကာလအတွင်း မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း သတိပေးထားသည်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အကြံပြုထားသည်။ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း မိုးလေဝသအခြေအနေများကို ကြိုတင်စောင့်ကြည့်၍ သတိပြုသွားလာရန် လိုအပ်ကြောင်း သတိပေးထားသည်။
