ရန်ကုန်၊ စက်တင်ဘာ ၂၀
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။
မိုးထစ်ချုန်းရွာနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ဖြစ်သည်။
ယင်းတို့အနက် ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲ တိုင်းထွာချက်အရ လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီးသို့ ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ် ပိုမိုအားကောင်းလာနိုင်ကာ နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ထို့နောက် ၇၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းမှ အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်တောင်ပိုင်းနှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်း ကမ်းခြေများအနီးသို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုနှင့် ရေကြီးရေလျှံမှုအန္တရာယ်ကို ကြိုတင်သတိပြုကြရန် အသိပေးထားသည်။
ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း မိုးလေဝသအခြေအနေများကို ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
