မြန်မာနိုင်ငံအတွင်း နေထိုင်ရင်း ငလျင်ဒဏ်သင့်ခဲ့သည့် တရုတ်နိုင်ငံသားများ အနေဖြင့် နေရပ်ပြန်လိုပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆောင်ရွက်ပေးနေသည်။
မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီး၏ သက်ရောက်မှုကြောင့် လတ်တလောတွင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသည် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် လျှောက်လွှာများကို လက်ခံနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် မန္တလေးမြို့ကောင်စစ်ဝန်ချုပ်ရုံးမှ လျှောက်လွှာများ ပြန်လည်လက်ခံနိုင်ချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို ကိုယ်စားလက်ခံပေးနေကြောင်း သိရသည်။
ထို့ပြင် ငလျင်ဒဏ်သင့်ခဲ့ရသည့် တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန် ခရီးသွားလက်မှတ်များ လျှောက်ထားရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာတရုတ်နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်/ ခရီးသွားလက်မှတ်လျှောက်လွှာများအတွက် “အထူးလမ်းကြောင်း” ကို သံရုံးက ဖွင့်လှစ်ပေးထားသည်ဟုလည်း ဆိုသည်။
လျှောက်ထားလိုသူများသည် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည့် စာရွက် စာတမ်းများကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အီးမေးလ်ပို့ခြင်းဖြင့် (ဆက်သွယ်ရန်အချက်အလက်ကို ပူးတွဲတင်ပြရန်)သံရုံးသို့ ကြိုတင်ဆက်သွယ်ပြီး အချက်အလက်များ အဆင်သင့်ပြင်ဆင်ကာ သံရုံးသို့လာရောက်ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း သိရသည်။