ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာအသုံးပြုထားသော တံတားအဖြစ် တည်ဆောက်နေကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၅၈)ရှိ အရှည်ပေ(၇၀၀) ဒုဋ္ဌဝတီတံတားသည် ငလျင်ကြောင့် ပြိုကျပျက်ဆီးပြီးနောက် အသစ်ပြန်လည်တည်ဆောက်ခြင်းကို တံတားဟောင်း အနီး ၌ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။
တံတားအသစ်တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသစ်တည်ဆောက်မည့် တံတားဆိုင်ရာ အချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစည်များကိုလည်း ယမန်နေ့ က ပြည်ထောင်စုဝန်ကြီး ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဒုဋ္ဌဝတီတံတားသည် ရန်ကုန် – မန္တလေး အမြန်လမ်းတွင် အရေးပါသောတံတားဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး-ပလိပ်လမ်းမှတစ်ဆင့် ပတ်၍ မန္တလေးမြို့သို့ သွားလာနေကြောင်း သိရသည်။
အသွား/အပြန် တံတားနှစ်စင်းရှိသည့်အနက် တံတားတစ်စင်းကို ဆောလျင်စွာပြီးစီးအောင် ဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း လည်း သိရသည်။
ထို့အတူ ရန်ကုန် – မန္တလေး အမြန်လမ်းသည် အရေးပါသော လမ်းတစ်လမ်းဖြစ်သည့်အတွက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများကို အပိုင်းလိုက် လုပ်ငန်းများပြီးစီးစေရေးဆောင်ရွက်နေကြောင်းလည်း သိရသည်။

