ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ငမိုးရိပ်ချောင်းဘေးတွင် တည်ရှိသည့် သာကေတ မိကျောင်းမွေးမြူရေးစခန်းသည် ရန်ကုန်မြို့သူ မြို့သားများနှင့် ကလေးသူငယ်များအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတ ရှာမှီးရာ အရေးပါသော နေရာတစ်ခုဖြစ်ပြီး လက်ရှိတွင် မိကျောင်းများ ဥ ဥသည့် ရာသီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဥဥရာသီ လုပ်ငန်းစဉ်နှင့် သဘာဝဖောက်ယူမှု
မွေးမြူရေးစခန်းအတွင်းရှိ ငမိုးရိပ်ချောင်းဘေး သဘာဝအတိုင်း ပေါက်ရောက်နေသော ခြုံနွယ်များအကြားတွင် မိကျောင်းမကြီးများမှ ဥဥလေ့ရှိကြသည်။ထိုဥများသည် ဖိမိခြင်းအပါဝင် အကြောင်းကြောင်းများကြောင့် သားပေါက်ခဲလှသည်။
ထိုသို့ ဥဥထားသည့် မိကျောင်းဥများကို မွေးမြူရေးစခန်း လုပ်သားများက စနစ်တကျ လိုက်လံကောက်ယူကာ ဥဖောက်စက်များနှင့် အကောင်ဖောက်ကာ စိစစ်ထိန်းသိမ်းပေးကြရသည်။ သဥဖောက်သည့် စိန်ခေါ်မှုများကြောင့် အောင်မြင်စွာ ပေါက်မြောက်နှုန်းမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း မွေးမြူရေးစခန်း တာဝန်ရှိသူများက မိကျောင်းမျိုးဆက် မပျောက်ပျက်စေရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိသည်။
စခန်းအတွင်းရှိ မိကျောင်းကောင်ရေနှင့် မွေးမြူမှုအခြေအနေ
စခန်းအတွင်းရှိ သဘာဝကန်နှင့် ကွန်ကရစ်ကန်များတွင် ၂၀၂၄-၂၀၂၅ ခုနှစ်စာရင်းများအရ စုစုပေါင်း မိကျောင်း (၃၂၈) ကောင်အထိ စနစ်တကျ ထိန်းသိမ်းမွေးမြူထားရှိသည်။ အဆိုပါ မိကျောင်းများ၏ အရွယ်အစားများမှာ –
(၆) ပေအရွယ် (၆) နှစ်သား = ၇၇ ကောင်
(၇) ပေအရွယ် (၇) နှစ်သား = ၁၁၃ ကောင်
(၈) ပေအရွယ် (၈) နှစ်သား = ၈၃ ကောင်
(၉) ပေအရွယ် (၉) နှစ်သား = ၂၂ ကောင်
(၁၀) ပေအရွယ် (၁၀) နှစ်သား = ၁၆ ကောင်
(၁၀) ပေအထက် မိကျောင်းကြီးများ = ၁၇ ကောင် အသီးသီး ရှိကြသည်။
ကလေးများအတွက် ဗဟုသုတနှင့် စနေ/တနင်္ဂနွေ သရုပ်ပြပွဲများ
မိကျောင်းမွေးမြူရေးစခန်းသည် ကလေးသူငယ်များအတွက် သဘာဝရုပ်ဝတ္ထုနှင့် ရေသတ္တဝါများအကြောင်း အနီးကပ် လေ့လာနိုင်သည့် ဗဟုသုတဘဏ်တစ်ခု ဖြစ်သည်။ အထူးသဖြင့် စနေနှင့် တနင်္ဂနွေ ပိတ်ရက်များ၏ နေ့လည်ပိုင်းအချိန်များတွင် လာရောက်လည်ပတ်ကြသည့် မိသားစုများနှင့် ကလေးသူငယ်များအတွက် မိကျောင်းများ၏ သဘာဝနှင့် လှုပ်ရှားမှုများကို ပိုမိုစိတ်ဝင်စားဖွယ် မြင်တွေ့နိုင်စေရန် “မြီးတို” မိကျောင်းကြီးနှင့် အစားကျွေးခြင်းဆိုင်ရာ သရုပ်ပြသမှုများ၊ဖောက်ထားသည့်အကောင်ပေါက်လေးများကိုထိတွေ့နိုင်အောင်လည်း ဖန်တီးပေးထားသည်။
စခန်းအတွင်း၌ မိကျောင်းဥများ၊ မိကျောင်းပေါက်ကလေးများ ဖောက်ယူပုံအဆင့်ဆင့်များကို ကျောင်းပိတ်ရက်များတွင် မိသားစုလိုက် ဗဟုသုတရှာမှီးရင်း လည်ပတ်ရန် သင့်တော်သည့် နေရာတစ်ခုဖြစ်ကြောင်း သတင်းဖော်ပြလိုက်ပါသည်။
