ဂျိုဟာပြည်နယ်မှ အသက် ၈၄ နှစ်အရွယ်ရှိ အဘိုးအိုတစ်ဦးသည် မတ်လ ၂၅ ရက်နေ့က ငါးပူတင်းစားကာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ဧပြီလ ၈ ရက်နေ့တွင်သေဆုံးသွားကြောင်းသိရသည်။
၎င်း၏ အသက် ၈၃ နှစ်အရွယ် ဇနီးသည် သည်လည်း ငါးပူတင်းစားပြီးအစာအဆိပ်သင့်သေဆုံးခြင်းပင်ဖြစ်ကြောင်း ဘနားမားသတင်းတစ်ရပ်အရသိရသည်။
မတ် ၂၈ ရက်နေ့ကထုတ်ပြန်ခဲ့သော သတင်းတစ်ရပ်အရ ၎င်းတို့ဇနီးမောင်နှံသည် အဆိုပါငါးအား ဖေ့စ်ဘွတ်ခ်ပေါ်ရှိရောင်းချသူတစ်ဦးထံမှဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဘိုးအို၏ဇနီးသည် မတ်လ ၂၅ ရက်နေ့ည၌ပင်သေဆုံးသွားခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံးသည်ငါးပူတင်းစားပြီး အစာအဆိပ်သင့်ခြင်းဖြစ်သည်ဟု ယူဆထားကြသည်။
အဆိုပါအဘိုးအိုကမူ ဧပြီလ ၅ ရက်နေ့အထိ အသက်ရှူအထောက်အကူပြုကိရိယာဖြင့်အသက်ရှူနေရသော်လည်း ၎င်း၏အခြေအနေမှာတည်ငြိမ်နေခဲ့သည်ဟုဆိုသည်။
သို့သော် စနေနေ့မနက် ၅ နာရီကျော်တွင် အဆိုပါအဘိုးအိုထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာမပြတော့သဖြင့် လိုအပ်သည့်အရေးပေါ် ကုသမှုများအားလုံးကို ပြုလုပ်ပေးခဲ့သော်လည်း မနက် ၆ နာရီကျော်၌သေဆုံးသွားခဲ့သည်ဟုဆိုသည်။
ယင်းနောက်သေဆုံးသူ၏ရုပ်အလောင်းအား ဈာပနအခမ်းအနားအတွက်ဆွေမျိုးများထံပြန်လည်လွှဲအပ်ခြင်းမပြုမီ မှုခင်းဆေးပညာဌာနသို့လွှဲပြောင်းကာစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။
ငါးပူတင်းစားမိပြီးသေဆုံးကြောင်း ပထမအစီရင်ခံချက်ရရှိကတည်းက ဂျိုဟာပြည်နယ်ကျန်းမာရေးဌာနသည် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်လီ၊လက္ကားရောင်းချသူများနှင့် ငါးပူတင်းအရောင်းအဝယ်လုပ်ငန်း၌ ပါဝင်နေသူများကို ဖော်ထုတ်အရေးယူခဲ့ပြီးဖြစ်ကြောင်းသိရသည်။
မလေးရှားငါးလုပ်ငန်းဦးစီးဌာနကလည်း ငါးပူတင်းငါးအမျိုးအစားအားလုံးနီးပါးသည် မှန်ကန်စွာမချက်ပြုတ်နိုင်ပါက အဆိပ်အတောက်ဖြစ်စေနိုင်သည့်အဆိပ်ပါရှိသောကြောင့် ပြည်သူများအနေဖြင့် ငါးပူတင်းစားသုံးမှုမလုပ်ရန်အကြံပြုထားကြောင်းသိရသည်။
Source :Bernama/fh
