ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့နှင့် မုံရွာမြို့တို့တွင် စိုးရိမ်ရေမှတ်အောက် အသီးသီး ရောက်ရှိနေသော်လည်း နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်သောကြောင့်မင်းကင်းနှင့် မုံရွာမြို့နယ်အတွင်း မြစ်ကမ်းနီးနေထိုင်သူများ ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်၌ မင်းကင်းမြို့ တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၁ ပေ ၈ လက်မခန့်အလိုသို့ ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
မုံရွာမြို့ ၌ စိုးရိမ်ရေမှတ်အောက် ၁ ပေ ၄ လက်မခန့်အလိုတွင် ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မင်းကင်းနှင့် မုံရွာမြို့နယ်အတွင်းရှိ မြစ်ကမ်းပါးအနီး ရေဘေးအန္တရာယ်စိုးရိမ်ရသည့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန်နှင့် မြစ်ရေမြင့်တက်လာပါက ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ကြရေး အထူးဂရုပြု သတိထားကြရန် နှိုးဆော်ထားသည်။
