ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးမှာအလွန်အရေးကြီးသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်စစ်တက္ကသိုလ်၌ကျင်းပသည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၆၇) ၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။
မျက်မှောက်ခေတ်ကာလ၏တိုးတက်လာသော နည်းပညာနှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများသည် စစ်မှုရေးရာများကိုပြောင်းလဲလာစေပြီး ပထဝီကန့်သတ်ချက်များကိုပါ ကျော်လွန်လုပ်ဆောင်နိုင်ပြီဖြစ်ပြီး ယခင်က လူ၊ လက်နက်အင်အားနှင့် သမရိုးကျစစ်နည်းဗျူဟာများကိုအခြေခံသော စစ်မြေပြင်မှ ယခုခေတ်တွင် Drone ကဲ့သို့ စစ်ပညာမြင့်စက်ပစ္စည်းများလွှမ်းမိုးလာသည်ဟု ပြောသည်။
” AI ၊ ဆိုင်ဘာ၊ အာကာသနဲ့သတင်းအချက်အလက်တွေလို စစ်ဆင်မှုနယ်ပယ်တွေလည်း ပိုမိုကျယ်ပြန့်လာတာကိုတွေ့ရှိရပါတယ်။ တစ်နည်းအားဖြင့်လေကြောင်းအကဲသာမှု၊ အီလက်ထရောနစ်နည်းပညာသာလွန်မှု လက်နက်ခဲယမ်းများ ခေတ်မီကောင်းမွန်မှုနဲ့ ထိရောက်တိကျမှုတို့ဟာ စစ်ပွဲအနိုင်အရှုံးကို အဓိကဆုံးဖြတ်ပေးနေပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထိုသို့ နည်းပညာတိုးတက်လာမှုနှင့်အတူ ပြောင်းလဲကျင့်သုံးလာသည့် စစ်နည်းဗျူဟာများနှင့် စစ်လက်နက် ပစ္စည်းများကို နားလည်တတ်ကျွမ်းပြီး ကျွမ်းကျင်စွာအသုံးချနိုင်ရန် ပညာရည်မြင့်မားနေရန်လိုအပ်ပြီး ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးသည်အလွန်အရေးကြီး၍ တပ်မတော်အနေဖြင့် အရာရှိစစ်သည်အားလုံး၏ ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြော သည်။
အတတ်ပညာသည် လူတော်ဖြစ်စေပြီး အသိပညာသည်လူကောင်းဖြစ်စေ၍ လူတော်လူကောင်းများဖြစ်စေရန် အသိပညာအတတ်ပညာများကြွယ်ဝလာစေရန် ကြိုးစားလုပ်ဆောင်ကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
