လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း တွံတေးတံတားအဆင်း သံဖြူရုံကျေးရွာအနီးရှိ 230 KV ဓာတ်အားလိုင်းတိုင် (၃)တိုင် ကျိုးကျခဲ့ရာ ချို့ယွင်းသွားသော တာဝါတိုင်များကို ပြုပြင်ခြင်း၊ အသစ်အစားထိုး လဲလှယ်ခြင်းများကို ဝန်ထမ်းအင်အား (၁၃၀)ကျော်ဖြင့် အချိန်နှင့် တပြေးညီ ပြုပြင်လျက်ရှိကြောင်း ဖျာပုံခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
အဆိုပါ 230 KV ဓာတ်အားလိုင်း တိုင်အမှတ် ၄၅ / ၄၆/ ၄၇ (၃) တိုင်မှာ ဖေဖော်ဝါရီ (၂၄)ရက်၊ နေ့လယ် (၁)နာရီ (၁၅) မိနစ်အချိန်ခန့်က ကျိုးကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တာဝါတိုင်များ ကျိုးကျပျက်စီးခဲ့ရသဖြင့် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲနှင့် မြင်းကကုန်းမြို့များ ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပြီး ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှသာ ဖျာပုံခရိုင်အတွင်း ဓာတ်အားပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ချို့ယွင်းသွားသော တာဝါတိုင်များကို ပြုပြင်ခြင်း၊ အသစ်အစားထိုးလဲလှယ်ခြင်းများကို စီမံကိန်း မန်နေဂျာ(၁)ရုံး (ရန်ကုန်)၊ ရေကြည်လိုင်းရုံး၊ ကမာနတ်လိုင်းရုံး၊ ပြည်လိုင်းရုံးများမှ ဝန်ထမ်းအင်အား (၁၃၀)ကျော်ဖြင့် အချိန်နှင့်တပြေးညီ လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
