ကာဂျစ္စတန် ပထမဆုံးအကြိမ် လုံခြုံရေးကောင်စီဝင်ဖြစ်လာ
ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်မည့် နှစ်နှစ်သက်တမ်းအတွက် လုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံကို ဇွန် ၄ ရက်တွင် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ရွေးချယ်ခံရသည့် နိုင်ငံများမှာ သြစတြီးယား၊ ကာဂျစ္စတန်၊ ပေါ်တူဂီ၊ ထရီနီဒက်နှင့် တိုဘာဂို၊ ဇင်ဘာဘွေတို့ဖြစ်ပြီး ၎င်းတို့သည် ၂၀၂၇ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ နှစ်နှစ်သက်တမ်း တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။
အာရှ-ပစိဖိတ်အုပ်စု၏ နေရာအတွက်ကာဂျစ္စတန် နှင့် ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ခဲ့ရာ မဲခွဲမှု လေးကြိမ်အထိ ပြုလုပ်ခဲ့ရပြီး နောက်ဆုံးတွင် ကာဂျစ္စတန်က မဲ ၁၄၂ မဲ ရရှိကာ အနိုင်ရခဲ့သည်။ ယင်းသည် ကာဂျစ္စတန်နိုင်ငံအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပထမဆုံးအကြိမ် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။
အနောက်ဥရောပနှင့် အခြားနိုင်ငံများအုပ်စု၏ နေရာနှစ်နေရာအတွက် ဂျာမနီ၊ ပေါ်တူဂီနှင့် သြစတြီးယားတို့ ယှဉ်ပြိုင်ခဲ့ကြရာ ပေါ်တူဂီက ၁၃၄ မဲ၊ သြစတြီးယားက ၁၃၁ မဲ ရရှိခဲ့ပြီး ဂျာမနီမှာ ၁၀၄ မဲသာ ရရှိကာ ရွေးချယ်ခံရခြင်း မရှိခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံ ပါဝင်ပြီး အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် အင်အားသုံးဆောင်ရွက်မှုများကို ခွင့်ပြုနိုင်သည့် ဥပဒေအရ အာဏာရှိသော ကုလသမဂ္ဂ၏ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။
လုံခြုံရေးကောင်စီတွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့မှာ ဗီတိုအာဏာရှိသည့် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်ပြီး ကျန် ၁၀ နိုင်ငံကို အထွေထွေညီလာခံက နှစ်နှစ်သက်တမ်းအတွက် ရွေးချယ်တင်မြှောက်လေ့ရှိသည်။
ယခု ရွေးချယ်ခံရသည့် နိုင်ငံများအနက် ဇင်ဘာဘွေသည် ဆိုမာလီယာ၏ နေရာကို အစားထိုးမည်ဖြစ်ပြီး ထရီနီဒက်နှင့် တိုဘာဂိုသည် ပနားမား၏ နေရာကိုလည်းကောင်း၊ ပေါ်တူဂီနှင့် သြစတြီးယားတို့သည် ဒိန်းမတ်နှင့် ဂရိတို့၏ နေရာကိုလည်းကောင်း၊ ကာဂျစ္စတန်သည် ပါကစ္စတန်၏ နေရာကိုလည်းကောင်း အသီးသီး အစားထိုးဝင်ရောက်မည်ဖြစ်သည်။
လက်ရှိ အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘာရိန်း၊ ကိုလံဘီယာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လတ်ဗီးယားနှင့် လိုက်ဘေးရီးယားတို့မှာ ၂၀၂၇ ခုနှစ်ကုန်အထိ ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref: Reuters
