မေလ ၈ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဥရောပသမဂ္ဂအနေဖြင့် အမေရိကနှင့်ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်ကို လာမည့် ဇူလိုင်လ ၄ ရက်ထက် နောက်မကျဘဲ အတည်ပြုရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချိန်အတွင်း အတည်မပြုနိုင်ပါက သွင်းကုန်အခွန်များကို ယခုထက်များစွာမြင့်မားသော နှုန်းထားများဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ဥရောပတာဝန်ရှိသူများအကြား အဆိုပါသဘောတူညီချက်နှင့်ပတ်သက်၍ တညီတညွတ်တည်း ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေပြီးနောက် ထရမ့်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။
အမေရိကန်သမ္မတက ၎င်းအနေဖြင့် အီးယူ အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းနှင့် “ကျွန်တော်တို့နိုင်ငံရဲ့ နှစ် ၂၅၀ ပြည့် မွေးနေ့အထိ အချိန်ပေးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီအချိန်မှာမှ မပြီးမြောက်ဘူးဆိုရင်တော့ စိတ်မကောင်းစွာနဲ့ပဲ သူတို့ရဲ့ သွင်းကုန်ခွန်နှုန်းထားတွေဟာ ချက်ချင်းဆိုသလို အမြင့်ဆုံးအဆင့်ကို ခုန်တက်သွားပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ယခုနှစ် ဇူလိုင်လ ၄ ရက်သည် အမေရိကန်ပြည်ထောင်စုက ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့သည့် နှစ်ပေါင်း ၂၅၀ ပြည့်မြောက်သော အထိမ်းအမှတ်နေ့လည်း ဖြစ်သည်။
အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော အီးယူ နှင့် အမေရိကန်တို့သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက အီးယူကုန်စည်အများစုအပေါ် သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်း သတ်မှတ်ရန် သဘောတူညီခဲ့ကြသော်လည်း အဖွဲ့ဝင်နိုင်ငံများအကြား နောက်ဆုံးသဘောတူညီချက်ကို အတည်မပြုနိုင်သေးခြင်းကြောင့် ဝါရှင်တန်ရှိ တာဝန်ရှိသူများအကြား စိတ်ပျက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်းကလည်း ထရမ့်ပ်သည် အီးယူ ဘက်မှ သဘောတူညီချက်ကို လိုက်နာရန် ပျက်ကွက်နေသည်ဟု စွပ်စွဲကာ အီးယူ ထုတ်ကားနှင့် ကုန်တင်ကားများအပေါ် သွင်းကုန်ခွန်ကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဟု ကတိပြုထားခဲ့သည်။
ဥရောပသမဂ္ဂကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားသော ဆိုက်ပရပ်စ်နိုင်ငံကမူ မေလ ၁၉ ရက်နေ့တွင် ဥရောပပါလီမန်အမတ်များနှင့် ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် အပြုသဘောဆောင်သော အရှိန်အဟုန် ကို ဆက်လက်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားထားသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
