ချင်းပြည်နယ်အတွင်းရှိ ကလေး–သိုင်းငင်း–တီးတိန် လမ်းပိုင်း၏ လမ်းအခြေအနေနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၅ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လမ်းတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် လမ်းဒီဇိုင်းစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ လမ်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လျာထားလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့်နေရာများတွင် ရေကျော်ပိုက် (Culvert) များ တည်ဆောက်ထားရန် မှာကြားခဲ့သည်။
ထို့ပြင် မိုးရာသီကာလအတွင်း တောင်ပြိုကျမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကာ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန်လည်း လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်များနှင့်အတူ တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့လည်း ဆက်လက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တီးတိန်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၀၉ ကျောင်း ဖွင့်လှစ်ထားပြီး အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၁၂,၀၄၇ ဦးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းမှ ကျောင်းသား ၆၁ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၂,၁၀၈ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တီးတိန်ခရိုင် အင်ဂျင်နီယာရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။