လာမည့် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင် အပါအဝင် ကိုယ်စားလှယ်လောင်းများ ယနေ့ နိုဝင်ဘာ ၂၄ ရက်နံနက်ပိုင်းက ပုသိမ်မြို့ခံများနှင့်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဥ် ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ် (၁) ၏ အမျိုးသားလွှတ်တော်အချိုးကျကိုယ်စားပြုစနစ် (PR) ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်မှ “လူထုကဘာတွေလိုအပ်တယ်ဆိုတာကို ကိုယ်စားလှယ်လောင်းတွေက သိနေဖို့လိုတယ်။ လူထုကအေးအေးဆေးဆေးငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်။ မငြိမ်းချမ်းတဲ့အနေအထားမှာ လူထုကမနေချင်ဘူး။ လူထုကအလုပ်အကိုင်လေးတွေ ပေါပေါများများနဲ့ လူမှုဘဝပြည့်စုံတဲ့အနေအထားကိုလိုချင်တယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်သည့် ဦးအောင်တင်မြင့်၊ ဦးပြုံးချို၊ ဒေါ်နွယ်နွယ်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးကျော်တို့မှလည်း ၎င်းတို့ဆောင်ရွက်သွားမည့်အကြောင်းအရာများအား မိတ်ဆက်ပြောကြားခဲ့ကြသည်။
ထို့ပြင် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင်လည်း ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့လည်ပိုင်းကလည်း USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင် အပါအဝင် ကိုယ်စားလှယ်လောင်းများသည် ငွေဆောင်ဒေသခံများဖြစ်သော USDP ပါတီဝင်များ၊ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
