ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် တိုင်းရင်းသားပါတီ(၄)ခုမှ ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ရွေးကောက်တင် မြှောက်ခံရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ကြေညာချက်အမှတ်(၅ /၂၀၂၆)ဖြင့် ယနေ့ ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုသို့ ရွေးကောက်တင်မြှောက်ခြင်းအား ဒီဇင်ဘာ ၂၈ ရက်ကကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၁)၌ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ)နှင့်အညီထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းမှ USDP ပါတီကိုယ်စားလှယ်(၁၂)ဦး၊ စစ်ကိုင်းတိုင်းမှ ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးတွင် USDP ပါတီမှ (၇)ဦး၊ နာဂအမျိုးသားပါတီမှ (၄)ဦး၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီမှ (၁)ဦးတို့ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ထို့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် တနင်္သာရီတိုင်းတွင် USDP ပါတီမှ (၄)ဦး၊ ပဲခူးတိုင်းတွင် USDP ပါတီမှ (၈)ဦး၊ မကွေးတိုင်းတွင် USDP ပါတီမှ (၈)ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၁)ဦး၊ မန္တလေးတိုင်တွင် USDP ပါတီမှ (၈)ဦး၊ ရခိုင်ပြည်နယ်တွင် USDP ပါတီမှ (၂)ဦးနှင့် ရခိုင်တိုင်းရင်းသားများပါတီမှ (၁)ဦးတို့လည်း ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
