မြန်မာနိုင်ငံ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့်ရုရှားနိုင်ငံ၊ဗဟိုရွေးကောက်ပွဲကော်မရှင်ကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် UEC ဥက္ကဋ္ဌဦးသိန်းစိုးသည် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၆ ရက်ညနေ ၄ နာရီ ၂၅ မိနစ်က ရန်ကုန်လေဆိပ်မှတဆင့် လေကြောင်းခရီးဖြင့်ထွက်ခွာသွားခဲ့သည်။
ရုရှားနိုင်ငံ၊ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားမှုအရ သွားရောက်ခြင်းဖြစ်ကာ UEC ဥက္ကဋ္ဌဦးသိန်းစိုးနှင့်အတူ အဖွဲ့ဝင်ဦးအောင်စောဝင်းနှင့်ညွှန်ကြားရေးမှူးဦးဇော်နောင်လတ်တို့လိုက်ပါသွားခဲ့ကြပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ဥပဒေချုပ်ဦးဌေးအောင်နှင့်ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
UEC ဥက္ကဋ္ဌဦးသိန်းစိုးသည် ရုရှားနိုင်ငံ၊ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအပြင် ရုရှားနိုင်ငံ ဒေသန္တရ ရွေးကောက်ပွဲအား လေ့လာသွားမည်ဖြစ်ကာ ခရီးစဥ်သည် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ယခု သွားရောက်သည့်ခရီးစဥ်ကြောင့် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည်ဖြစ်ကာ ရုရှားနိုင်ငံ၏ရွေးကောက်ပွဲစနစ်၊ရွေးကောက်ပွဲကျင်းပပုံလုပ်ငန်းစဉ်များ၊မဲပေးခြင်းလုပ်ငန်းစဉ်များနှင့်မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်မည်ဖြစ်သည်။
