ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ပူးပေါင်းကာ မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) နှင့်ပတ်သက်သည်များကို မီဒီယာများအားရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ ဇူလိုင်လ ၄ရက်တွင် သိမ်ဖြူလမ်းပေါ်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၌ ကျင်းပခဲ့သည်။
စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ယခုလာမည့်ရွေးကောက်ပွဲတွင် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဆိုပါမဲပေးစက်ကို ရွေးကောက်ပွဲတွင် အမှားအယွင်းမရှိ မဲမသမာမှုမဖြစ်စေရန် ရည်ရွယ်ကာ စမ်းသပ်တီထွင်ခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာ မဲမသမာမှုရှိတာတွေ ကြုံတွေ့ခဲ့ရပါတယ်။ မဲစာရင်းတွေကို အရင်လို Manual လုပ်မယ့်အစား နိုင်ငံတွင်းမှာရှိတဲ့ပညာရှင်တွေနဲ့ စီစဉ်ရေးဆွဲထားတဲ့ Software နဲ့ပြုစုဆောင်ရွက်သွားမှာပါ။ လာမယ့်ရွေးကောက်ပွဲမှာ မဲစာရင်းအကြိမ်ထပ်နေတာ၊ မမှန်ကန်တာ၊ မှတ်ပုံတင်မပါတာ၊ ဥပဒေနဲ့မညီညွတ်တဲ့ မဲစာရင်းများပါဝင်မှာမဟုတ်တော့လို့ မှန်မှန်ကန်ကန်အကောင်းဆုံးဖြစ်မယ်လို့ ယူဆပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပြောသည်။
MEVM စက်၏အားသာချက်မှာ လာရောက်မဲပေးသူများတိကျမှန်ကန်စွာ မဲပေးနိုင်ခြင်း၊ မဲစာရင်းများကို လွယ်ကူလျင်မြန်စွာရေတွက်နိုင်ခြင်း၊ ပယ်မဲမရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြစ်ကာ၊ မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ရွေးကောက်ပွဲစနစ်ကို First Past the Post (FPTP) စနစ်ဖြင့် ကျင့်သုံးခဲ့ပြီး ယခုရွေးကောက်ပွဲမှစတင်ကာ PR စနစ်ဖြင့် ပြောင်းလဲကျင့်သုံးမည်ဖြစ်သည်။
