နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများကို ဖြေရှင်းရန်ကြိုးပမ်းနေသော အမေရိကနှင့် တရုတ်တို့သည် မာဒရိ(ဒ)မြို့တွင် ပြန်လည်စတင်နေသည့် ဆွေးနွေးမှုများ ဒုတိယမြောက်နေ့ရောက်လာပြီဖြစ်ကာ TikTok နှင့်ပတ်သက်၍ သဘောတူညီချက်ရလုနီးပြီဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်စ်ဆန့်က ပြောကြားခဲ့သည်။ TikTok မှ တရုပ်၏ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်းရေးဆိုင်ရာ သဘောတူညီချက်မရခဲ့လျှင်ပင် ဆက်ဆံရေးကို ထိခို-က်မည် မဟုတ်ကြောင်း ဘက်စ်ဆန့်က ပြောကြားခဲ့သည်။
“ဒါက အမြင့်ဆုံးအဆင့်မှာ အရမ်းကောင်းနေဆဲပါ” ဟု အမေရိကန်ကုန်သွယ်ရေးသံကိုယ်စားလှယ် ဂျာမိုင်ဆွန် ဂရီယာနှင့်အတူ ဘက်စ်ဆန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “သံအမတ်ကြီး ဂရီယာနဲ့ ငါကိုယ်တိုင်က မိတ်ဖက်အားလုံးအပေါ် လေးစားမှုရှိပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
လေးလအတွင်း စတုတ္ထအကျော့ဖြစ်သော နောက်ဆုံးအကြိမ် စေ့စပ်ညှိနှိုင်းမှုများကို စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခမ်းနားထည်ဝါသော Palacio de Santa Cruz တွင် ကျင်းပလျက်ရှိပြီး ဆွေးနွေးပွဲပထမရက် တနင်္ဂနွေနေ့တွင် ခြောက်နာရီကြာဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတရာမပြီးပြတ်ဘဲ ပြီးဆုံးခဲ့သည်။ နှစ်ဖက်စလုံးသည် နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များတွင် ကောင်းကောင်းတိုးတက်ခဲ့သော်လည်း အခြားကိစ္စရပ်များတွင် သဘောတူညီချက်ရရှိရေးသည် ခက်ခဲလိမ့်မည်ဟု ဘက်စ်ဆန့်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ တရုတ် မိတ်ဖက်တွေက အလွန်ခက်ခဲတဲ့ တောင်းဆိုချက်တစ်ခုနဲ့ ရောက်လာတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး “အဲဒီအနေအထားကို ရောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့ကတော့ ဆိုရှယ်မီဒီယာအက်ပ်တစ်ခုအတွက်နဲ့ နိုင်ငံတော်လုံခြုံရေးကို စတေးဖို့ဆန္ဒမရှိပါဘူး” ဟု သူက ပြောကြားခဲ့သည်။
ဆွေးနွေးမှုများသည် အခွန်အကောက်များနှင့် စီးပွားရေးကို အဓိကထားခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
TikTok မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်ထုတ်ရေး သတ်မှတ်ရက် ကို သက်တမ်းတိုးခြင်းသည် တနင်္လာနေ့၏ ဆွေးနွေးမှုအခြေအနေများအပေါ် အဓိကမူတည်သည်ဟု ဘက်စ်ဆန့်က ပြောဆိုခဲ့သည်။ TikTok ပြဿနာကို ဖြေရှင်းပြီးသည့်အခါ အခြားကိစ္စရပ်များ၌ သဘောတူညီချက်ရရှိလာနိုင်သည်ဟု ဂရီယာက ပြောကြားခဲ့သည်။
Ref: သည်အင်းဒီယန်းအိတ်စ်ပရက်စ်
