မေလ ၂၃ ရက်နေ့တွင် SEAOP/SEAGPကုမ္ပဏီသည် “ဗဟုသုတဖြင့် ကြီးထွားမှုကို လင်းထိန်စေပြီး နည်းပညာဖြင့် အနာဂတ်အိမ်မက်များကို တည်ဆောက်စို့” ဟူသော ဆောင်ပုဒ်ဖြင့် E-light အစီအစဉ်အရ အများပြည်သူအကျိုးပြု အသိပညာပေးဟောပြောပွဲ တစ်ခုကို မန္တလေးမြို့ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျင်းပခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အနှစ်သာရပြည့်ဝ၍ လက်တွေ့အသုံးဝင်သော ဗဟုသုတများကို မျှဝေခဲ့ကြသည်။
“စာသင်ခန်းတွင်း အသိပညာများသည် အသိဉာဏ်ပညာကြီးထွားဖွံ့ဖြိုးမှုအတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ် ဖြစ်စေသလို၊ အရည်အသွေးမြင့်မားတဲ့ ကျောင်းပြင်ပ သိပ္ပံပညာပေးရေးဟာလည်း ကျောင်းတွင်းပညာရေးရဲ့ လိုအပ်ချက်တွေကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါဟာက လူငယ်မောင်မယ်များရဲ့ အမြင်ကိုကျယ်ပြန့်စေခြင်း၊ အတွေးအခေါ်များကို နိုးကြားစေခြင်းနှင့် သိပ္ပံပညာရပ်ကို ရှာဖွေဖော်ထုတ်လိုစိတ် ထက်သန်လာစေခြင်းတို့ကို အကျိုးပြုစေမှာ ဖြစ်ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့အနေနဲ့ ကျောင်းနှင့် လုပ်ငန်းအဖွဲ့အစည်း ပူးပေါင်းပြီး အများပြည်သူအကျိုးပြု သိပ္ပံပညာပေးလှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ရခြင်းရဲ့ မူလရည်ရွယ်ချက် ဖြစ်ပါတယ်”ဟု SEAOP/SEAGP ကုမ္ပဏီမှ ဒုတိယ မန်နေဂျင်းဒါရိုက်တာ မစ္စတာ ကျောက်ဟွာထောင်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခု အသိပညာပေးဟောပြောပွဲတွင်မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ တရုတ်နိုင်ငံ၏ ကျည်ဆန်ရထား၊ 5G ဆက်သွယ်ရေး၊ အာကာသနည်းပညာနှင့် စူပါကွန်ပျူတာ စသည့်ကဏ္ဍများတွင် ရရှိထားသော အောင်မြင်မှုများကို စနစ်တကျ မိတ်ဆက်ပေးခဲ့ပြီး ထင်ရှားသော သာဓကများနှင့်အတူ ကွန်ပျူတာဉာဏ်ရည်တု (AI) နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် တုံ့ပြန်ဖြေရှင်းနည်းများကို လွယ်ကူရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာ တင်ပြခဲ့သည်။
အသိပညာပေးဟောပြောပွဲသို့ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်း၏ ကျောင်းကော်မတီဥက္ကဌ ဦးရန်အောင်၊ ကျောင်းပေါင်းကျောင်းအုပ်ကြီး ဦးခင်မောင်စော၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများတက်ရောက်ကြပြီး၊ SEAOP/SEAGP ကုမ္ပဏီမှ ဒုတိယ မန်နေဂျင်းဒါရိုက်တာ မစ္စတာ ကျောက်ဟွာထောင်နှင့် Corporate Culture Department မှ တာ၀န်ရှိသူများ၊ Technology and IT Departmentမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
