ကမ္ဘာကျော် ONE Championship ၏ ထိပ်သီးဖိုက်တာများဖြစ်ကြသည့် ထိုင်းဖိုက်တာ Rodtang နှင့် ဂျပန်ဖိုက်တာအကျော်အမော် Takeru တို့၏ Flyweight ကစ်ဘောက်ဆင် ချန်ပီယံခါးပတ်လုပွဲကို ယနေ့ညပိုင်းတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပမည့် ONE Samurai 1 ပြိုင်ပွဲ၏ ခေါင်ပွဲအဖြစ် ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။
ယခုပွဲစဉ်သည် Rodtang နှင့် ONE Championship တို့အကြား စာချုပ်ကိစ္စ အငြင်းပွားမှုများကြောင့် ပျ-က်ပြယ်လု နီးပါး ဖြစ်ခဲ့သော်လည်း နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိခဲ့ပြီးနောက် စီစဉ်ထားသည့်အတိုင်း ပြန်လည်ဖြစ်မြောက်လာခြင်းဖြစ်သည်။
အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်သော ဂျပန်ဖိုက်တာ Takeru အတွက် ယခုပွဲသည် ၎င်း၏ ကစားသမားသက်တမ်းတလျှောက် နောက်ဆုံးယှဉ်ပြိုင်သည့် အနားယူပွဲ (Retirement Fight) လည်းဖြစ်သည်။
Takeru က “ရော့ထန်ကို ရှုံးကြွေးပြန်မဆပ်နိုင်ရင် ကျွန် တော် ဖိုက်တာတစ်ယောက်အနေနဲ့ စိတ်ဖြောင့်ဖြောင့် အနားယူနိုင်မှာ မဟုတ်ဘူး” ဟု ပွဲကြိုအင်တာဗျူးတွင် ဖွင့်ဟထားသည်။
Rodtang ကလည်း ၎င်းအနေဖြင့် အကောင်းဆုံးအနိုင်ယူပြသွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတဆင့် ကြုံးဝါးထားသည်။
ယနေ့ညတွင် ထိုးသ-တ်မည့် ယင်းပွဲစဉ်သည် ကမ္ဘာတစ်ဝန်းရှိ ကိုယ်ခံပညာဝါသနာရှင်များကြား စိတ်ဝင်စားမှု အမြင့်ဆုံးတွင် ရှိနေသည်။
