ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party)၏ ပါတီပုံရိပ်မြှင့်တင်ခြင်းအတွက် ကျန်းမာရေးနှင့် လူမှုရေးကူညီစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် အစီအစဉ်စတင်ရေးဆွဲခဲ့ကြောင်း ယနေ့တွင် အဆိုပါ ပါတီထံမှ သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ၏ ရန်ကုန်တိုင်းအမှုဆောင်များနှင့် မြို့နယ်အမှုဆောင်များ အစည်းအဝေး (၂/၂၀၂၅) အားကျင်းပပြုလုပ်ခဲ့ပြီးနောက် ထိုသို့ ရေးဆွဲခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် အဆိုပါအစည်းအဝေးတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ရွေးကောက်ပွဲအား စနစ်တကျဝင်ရောက်ယှဉ်ပြိုင်ရေး၊ မြို့နယ်အမှုဆောင်များအနေဖြင့် ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များအား ရုံးလုပ်ငန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေးတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နည်းတူ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ ဖိတ်ခေါ်ရေး၊ သတ်မှတ်အချိန်ဇယားများအတိုင်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် မြို့နယ်အလိုက် အခက်အခဲများ၊ သိရှိလိုသည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးအာကာမောင်၊ ဒု-ဥက္ကဌ (၁) ဦးမိုးကျော်တို့မှ ဦးဆောင်၍ တိုင်းအမှုဆောင်များနှင့် မြို့နယ် အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
PPP ပါတီအနေဖြင့် ယခုလ မေ(၁၁)ရက်က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်၌ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။