ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Ooredoo Myanmarသည် U 9 အမည်သို့ ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြောင်းလဲလိုက်သော်လည်း ဖုန်းနံပါတ်များ၊ SIM ကတ်များ တစ်စုံတရာ ပြောင်းလဲမှုရှိမည် မဟုတ်ဟုလည်း သိရသည်။
“ဖုန်းကတ်တွေမှာတော့ ပြောင်းလဲမှုမရှိပေမယ့် အင်တာနက်သုံးတဲ့အခါ အော်ရီဒူး နာမည်မပေါ်တော့ဘဲ U 9 ဆိုပြီး ပေါ်မှာပေါ့။ application ကိုလည်း သုံးစွဲသူဘက်က version update လုပ်လိုက်တဲ့အခါ U-9 ဖြစ်သွားမယ်” ဟု သိရသည်။
ထို့အပြင် စက်တင်ဘာ ၂၀ ရက်မှစ၍ သုံးစွဲသူများသည် U9 အက်ပလီကေးရှင်းအသစ်အား Apple App Store နှင့် Google Play တို့တွင် ရယူနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအနေနှင့် အော်ရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်များအတိုင်း ပြန်လည်အသုံးပြုကာ ဝင်ရောက်နိုင်မည်ဖြစ်သည်ဟုလည်း သိရသည်။
U9 မိတ်ဆက်ပွဲအား ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှစ၍ သုံးစွဲသူများမှ 9999 အား “Hello U9” ဟု စာတို ပေးပို့ပါက 9GB အထိ အခမဲ့ဒေတာ ရရှိနိုင်မည့် အခွင့်အရေးကိုပါ စီစဉ်ပေးထားကြောင်း သိရသည်။
ထိုကဲ့သို့ အမည်ပြောင်းလဲလိုက်ခြင်းကြောင့် ၂၀၁၄ ခုနှစ်က စတင်ခဲ့သည့် ကာတာနိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်သော အော်ရီဒူးသည် နောက်ထပ်ပိုင်ဆိုင်သူကို ရောင်းချကာ ထွက်ခွါသွားပြီ ဖြစ်ကြောင်း နားလည်ရသည်။
