လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို
နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး ၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
“Nation Building တွင် လူငယ်များကို ပါဝင်စေလိုကြောင်း၊ လူငယ်များအား ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးလိုကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် လူငယ်များဖြစ်ကြောင်း၊ ကျောင်းနေအရွယ် လူငယ်များကိုစုစည်း၍ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊” ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များအရ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မတူကွဲပြားသည့် တိုင်းရင်းသားမျိုးနွယ်များ၊ နေရာဒေသနှင့် လူမှုစီးပွားနောက်ခံအမျိုးမျိုးမှ လူငယ်များသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသောအနာဂတ်ကို ပုံဖော်ရာတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍမှပါဝင်လာစေရန် လွန်စွာပင်အရေးကြီး သည့်အတွက် Youth Peace Forum 2026 ဆွေးနွေးပွဲကို မတူညီသော နောက်ခံအကြောင်းအရာနှင့် အလွှာအသီးသီးမှ လူငယ်များအတွက် ၎င်းတို့၏ အမြင်များကို မျှဝေရန်၊ အပြန်အလှန် ယုံကြည်မှု ခိုင်မြဲရန်၊ လူမှုသဟဇာတမြှင့်တင်ခြင်းတွင် ၎င်းတို့၏ အခန်းကဏ္ဍကိုရှာဖွေရန်နှင့် ဘက်ညီသော အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပပြုလုပ်ရန် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
